ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။ အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။ ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။ အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ “သတ္တမနေ့တွင် ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုရှိသမျှတို့ကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူ၏”ဟု ကျမ်းတစ်နေရာ၌ဆိုထား၏။ တစ်ဖန် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု ထိုနေရာ၌ဆိုထား၏။ သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။ ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။ အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။ သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။ ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။ ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
ဟေဗြဲဩဝါဒစာ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေဗြဲဩဝါဒစာ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲဩဝါဒစာ 4:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ