YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 12:1-29

ဟေဗြဲဩဝါဒစာ 12:1-29 MSBU

ထို့ကြောင့် ဤမျှလောက်​များပြား​သော​သက်သေ​တို့​သည် ငါ​တို့​ကို​ဝိုင်းရံ​လျက်​ရှိ​သည်​ဖြစ်၍ ငါ​တို့​သည် လေး​သော​ဝန်​နှင့် အလွယ်တကူ​ငြိတွယ်​တတ်​သည့်​သဘော​ရှိ​သော အပြစ်​ရှိသမျှ​တို့​ကို ဖယ်ရှား​လျက် ငါ​တို့​ရှေ့၌​ပြင်ဆင်​ထား​သော​ပြေးပွဲ​ကို ဇွဲ​လုံ့လ​ဖြင့်​ပြေး​ကြ​ကုန်စို့။ ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။ ထို့ကြောင့် သင်​တို့​သည် စိတ်​ပင်ပန်း​နွမ်းနယ်​၍ စိတ်ပျက်​ခြင်း​မ​ရှိ​စေရန် အပြစ်သား​တို့​၏​ထိုကဲ့သို့သော​ဆန့်ကျင်​မှု​ကို​သည်းခံ​တော်မူ​သော​အရှင်​ကို အောက်မေ့​ဆင်ခြင်​ကြ​လော့။ သင်​တို့​သည် အပြစ်​နှင့်​တိုက်ခိုက်​ရာ​တွင် သွေး​မြေ​ကျ​သည့်​တိုင်အောင် ခုခံ​တွန်းလှန်​ခြင်း​ကို​မ​ပြု​ကြ​ရ​သေး။ ထို့ပြင် “ငါ့​သား၊ ထာဝရ​ဘုရား​၏​ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်။ ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ စိတ်​မ​ပျက်​နှင့်။ အကြောင်းမူကား ထာဝရ​ဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​ပဲ့ပြင်​တတ်​၏။ လက်ခံ​တော်မူ​သမျှ​သော​သား​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​တတ်​၏”​ဟု သား​ကို​မိန့်​တော်မူ​သကဲ့သို့ သင်​တို့​အား​မိန့်​တော်မူ​သော တိုက်တွန်း​အားပေး​စကား​ကို သင်​တို့​မေ့လျော့​ကြ​ပြီ။ ဘုရားသခင်​သည် သင်​တို့​ကို သား​ကဲ့သို့ ပြုမူ​ဆက်ဆံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဆုံးမ​ပဲ့ပြင်​တော်မူ​ခြင်း​ကို သည်းခံ​ကြ​ရ​မည်။ အကြောင်းမူကား ဖခင်​မ​ဆုံးမ မ​ပဲ့ပြင်​သော​သား​ဟူ၍​ရှိ​သလော။ လူ​တိုင်း​ခံရ​သော​ဆုံးမ​ပဲ့ပြင်​ခြင်း​ကို သင်​တို့​မ​ခံရ​ဘဲ​နေ​လျှင် သင်​တို့​သည် သား​အရင်း​မ​ဟုတ်။ တရားမဝင်​သော​သား​များ​သာ​ဖြစ်​ကြ​၏။ ထို့ပြင် ငါ​တို့​တွင် ဆုံးမ​ပဲ့ပြင်​ပေး​သော​လူသား​ဖခင်​ရှိ​၍ သူ​တို့​ကို ငါ​တို့​ရိုသေ​လေးစား​ကြ​သည်​ဆိုလျှင် ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​ကို ပို၍​ပင် နာခံ​ရ​မည်​မ​ဟုတ်​လော။ ထိုအခါ ငါ​တို့​သည် အသက်​ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား လူသား​ဖခင်​တို့​သည် ကောင်း​သည်​ဟု မိမိ​တို့​ထင်မြင်​သည့်​အတိုင်း ခဏ​သာ​ဆုံးမ​ပဲ့ပြင်​တတ်​ကြ​၏။ ဝိညာဉ်​ရေး​ဆိုင်ရာ​ဖခင်​မူကား သူ​၏​သန့်ရှင်း​ခြင်း​၌ ငါ​တို့​ပါဝင်​ခံစား​ရ​မည့်​အကြောင်း ငါ​တို့​အကျိုး​ကို​ထောက်၍ ဆုံးမ​ပဲ့ပြင်​တော်မူ​၏။ ဆုံးမ​ပဲ့ပြင်​ခြင်း​ဟူသမျှ​သည် ခံရ​စဉ်​တွင် ဝမ်းမြောက်​စရာ​မ​ဟုတ်​ဘဲ ဝမ်းနည်း​စရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့သော် ထို​ဆုံးမပဲ့ပြင်​ခြင်း​အားဖြင့် လေ့ကျင့်​ပေး​ခြင်း​ခံရ​သော​သူ​တို့​သည် နောက်မှ ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့် ငြိမ်းချမ်း​သော​အကျိုးကျေးဇူး​ကို ပြန်လည်​ခံစား​ရ​ကြ​၏။ ထို့ကြောင့် အားအင်​ကုန်ခန်း​နေ​သော​လက်​များ​နှင့် ချည့်နဲ့​နေ​သော​ဒူး​များ​ကို ပြန်လည်​ခိုင်ခံ့​စေ​ကြ​လော့။ ခြေ​မသန်စွမ်း​သူ​တို့​သည် အဆစ်​လွဲ​ခြင်း​မ​ရှိ​ဘဲ အကောင်းပကတိ​ဖြစ်​လာ​စေရန် သင်​တို့​၏​ခြေ​အတွက် ဖြောင့်​သော​လမ်း​တို့​ကို​ပြင်ဆင်​ကြ​လော့။ လူ​အပေါင်း​တို့​နှင့်​ငြိမ်းချမ်း​စွာ​နေထိုင်​ရန်​နှင့် သန့်ရှင်း​ခြင်း​ကို​ရရှိ​ရန် ကြိုးစား​ကြ​လော့။ သန့်ရှင်း​ခြင်း​မ​ရှိ​လျှင် မည်သူမျှ ထာဝရ​ဘုရား​ကို​ဖူးမြင်​ရ​လိမ့်မည်​မ​ဟုတ်။ မည်သူမျှ ဘုရားသခင်​၏​ကျေးဇူး​တော်​မှ ကင်းကွာ​မ​သွား​စေရန်​လည်းကောင်း၊ ခါးသီး​သော​အမြစ်​တစ်စုံတစ်ခု​ပေါက်​လျက် သင်​တို့​ကို​နှောင့်ယှက်​သဖြင့် လူ​များစွာ​တို့​သည် ထို​အရာ​ကြောင့် ညစ်ညူး​စေ​ခြင်း​မ​ခံရ​စေရန်​လည်းကောင်း သတိပြု​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​သူ​၊ သို့မဟုတ် အစား​တစ်​နပ်​အတွက် မိမိ​၏​သားဦး​အရိုက်အရာ​ကို​ရောင်း​သည့် ဧသော​ကဲ့သို့ ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း သူ​သည် နောက်မှ ကောင်းချီး​မင်္ဂလာ​ကို​အမွေ​ဆက်ခံ​လို​သော်လည်း ငြင်းပယ်​ခြင်း​ခံရ​၍ ၎င်း​ကို မျက်ရည်​ဖြင့်​ပြန်တောင်း​သော်လည်း နောင်တရ​သော​အခွင့်​ကို မ​ရရှိ​ခဲ့​ပေ။ သင်​တို့​သည် တို့ထိ​စမ်းသပ်​နိုင်​သော​တောင်​တည်းဟူသော မီး​တောက်လောင်​ခြင်း၊ မှုန်မှိုင်း​ခြင်း၊ မှောင်မည်း​ခြင်း၊ မိုးသက်မုန်တိုင်း၊ တံပိုးမှုတ်သံ​နှင့် နှုတ်ကပတ်တော်​အသံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်းကပ်​ကြ​သည်​မ​ဟုတ်။ ထို​အသံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိမိ​တို့​အား ထပ်မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်းပန်​ကြ​၏။ အကြောင်းမူကား “တိရစ္ဆာန်​ပင် ထို​တောင်​ကို​ထိမိ​လျှင် ခဲ​နှင့်​ပေါက်​သတ်​ရ​မည်”​ဟူသော​အမိန့်​တော်​ကို သူ​တို့​မ​ခံ​နိုင်​ခဲ့​ကြ​ချေ။ ထို​မြင်ကွင်း​သည် အလွန်​ကြောက်မက်​ဖွယ်​ကောင်း​သဖြင့် မောရှေ​က “ငါ​သည် အလွန်​ကြောက်ရွံ့​လျက် တုန်လှုပ်​နေ​၏”​ဟု ဆို​လေ​၏။ သို့သော် သင်​တို့​သည် ဇိအုန်​တောင်​သို့​လည်းကောင်း၊ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော အထက်​ကောင်းကင်​အရပ်​ရှိ ဂျေရုဆလင်​မြို့​သို့​လည်းကောင်း၊ အတိုင်းမသိ​များစွာ​သော ကောင်းကင်​တမန်​တို့​စုဝေး​ရာ​အခမ်းအနား​သို့​လည်းကောင်း၊ ကောင်းကင်​ဘုံ​စာရင်း​ဝင်​သော သားဦး​တို့​၏​အသင်းတော်​သို့​လည်းကောင်း၊ လူ​အပေါင်း​တို့​ကို​တရား​စီရင်​တော်မူ​သော ဘုရားသခင်​ထံသို့​လည်းကောင်း၊ စုံလင်​ခြင်း​သို့​ရောက်​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ထံသို့​လည်းကောင်း၊ ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။ သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။ ထိုစဉ်က ကိုယ်တော်​၏​အသံ​တော်​သည် မြေကြီး​ကို​တုန်လှုပ်​စေ​၏။ ယခု​မူကား ကိုယ်တော်​က “ငါ​သည် နောက်တစ်ဖန် မြေကြီး​ကို​သာမက​ဘဲ ကောင်းကင်​ကို​ပါ တုန်လှုပ်​စေ​မည်”​ဟု ကတိ​ထား​တော်မူ​၏။ “နောက်တစ်ဖန်”​ဟူသော​စကား​သည် မ​တုန်လှုပ်​နိုင်​သော​အရာ​တို့​ကို​တည်မြဲ​စေရန် ဖန်ဆင်း​ခြင်း​ခံရ​သည့် တုန်လှုပ်​တတ်​သော​အရာ​များ​ကို​ဖယ်ရှား​မည့်​အကြောင်း​ကို ဆိုလို​၏။ ထို့ကြောင့် ငါ​တို့​သည် မ​တုန်လှုပ်​နိုင်​သော​နိုင်ငံ​တော်​ကို​ရရှိ​သည်​ဖြစ်၍ ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​စို့။ ထိုသို့ ကျေးဇူး​တော်​ချီးမွမ်း​လျက် ကြည်ညို​ခြင်း​နှင့်​ရိုသေ​ခန့်ညား​ခြင်း​တို့​ဖြင့် ဘုရားသခင်​နှစ်သက်​တော်မူ​သည့်​အတိုင်း ဝတ်ပြု​ကြ​ကုန်​စို့။ အကြောင်းမူကား ငါ​တို့​၏​ဘုရားသခင်​သည် လောင်ကျွမ်း​သော​မီး​ဖြစ်​တော်မူ​၏။