YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 11:7-28

ဟေဗြဲဩဝါဒစာ 11:7-28 MSBU

နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။ အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။ သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ကတိ​ထား​တော်မူ​သော​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့ ဧည့်သည်​အဖြစ်​နေထိုင်​၍ တစ်ခုတည်း​သော​ကတိ​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​များ​ဖြစ်​ကြ​သော ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ တဲ​များ​တွင်​နေထိုင်​ကြ​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ရေးဆွဲ​စီမံ​၍ တည်ဆောက်​တော်မူ​သော ခိုင်ခံ့​သည့်​အုတ်မြစ်​ရှိ​သော​မြို့​ကို မျှော်လင့်​နေ​၏။ ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ကောင်းကင်​ကြယ်​များ​ကဲ့သို့​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​မှ မ​ရေတွက်​နိုင်​သော​သဲပွင့်​များ​ကဲ့သို့​လည်းကောင်း များစွာ​သော​သူ​တို့​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံမှ ပေါက်ဖွား​လာ​ကြ​၏။ ထို​သူ​အပေါင်း​တို့​သည် ကတိ​ပေး​တော်မူ​သော​အရာ​များ​ကို မ​ခံစား​ရ​သော်လည်း ၎င်း​တို့​ကို အဝေး​မှ​လှမ်းမြင်​၍ ကြိုဆို​လက်ခံ​ကာ မိမိ​တို့​သည် မြေကြီး​ပေါ်၌ အာဂန္တု​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​သာ​ဖြစ်​ကြောင်း ဝန်ခံ​လျက် ယုံကြည်​ရင်း​သေလွန်​ကြ​၏။ ထိုသို့​ဝန်ခံ​သော​သူ​တို့​သည် မိမိ​တို့​နေရင်း​ပြည်​ကို ကြိုးစား​ရှာဖွေ​နေ​ကြောင်း ထင်ရှား​စေ​ကြ​၏။ သူ​တို့​သည် မိမိ​တို့​ထွက်ခွာ​လာ​ခဲ့​သော​ပြည်​ကို သတိရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အခွင့်အခါ​ရှိ​ခဲ့​ပေ​လိမ့်မည်။ သို့သော် အမှန်​အားဖြင့် သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့်​ပြည်​တည်းဟူသော သာ၍​မြတ်​သော​ပြည်​ကို အလွန်​တောင့်တ​နေ​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​၏​ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို ရှက်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​အတွက် မြို့​တော်​ကို​ပြင်ဆင်​ထား​တော်မူ​၏။ အာဗြဟံ​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​ကို​ပူဇော်​၏။ ကတိ​တော်​များ​ကို​ရရှိ​ထား​သော​သူ​သည် တစ်ဦးတည်း​သော​သား​ကို​ပူဇော်​ရန်​ပြင်ဆင်​၏။ ထို​သား​နှင့်​ပတ်သက်၍ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မြွက်ဆို​ထား​၏။ ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​ကို​ပင် ထမြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်ယူ​လျက် ထိုသို့​ပူဇော်​၏။ ပုံ​ဥပမာ​အဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲမှ ပြန်​ရ​ခဲ့​၏။ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​သည် နောင်​ဖြစ်​မည့်​အရာ​များ​နှင့်​ပတ်သက်၍ ယာကုပ်​နှင့်​ဧသော​တို့​ကို ကောင်းချီး​ပေး​၏။ ယာကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် ယောသပ်​၏​သား​တစ်ဦးစီ​ကို ကောင်းချီး​ပေး​၍ မိမိ​တောင်ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိခိုး​လေ​၏။ ယောသပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် အစ္စရေး​အမျိုးသား​တို့​၏​ထွက်မြောက်​ခြင်း​အကြောင်း​ကို ပြောပြ​လျက် မိမိ​၏​အရိုး​များ​နှင့်​ပတ်သက်၍ မှာကြား​ခဲ့​၏။ မောရှေ​ဖွားမြင်​သောအခါ အဆင်းလှ​သော​သူငယ်​ဖြစ်​ကြောင်း သူ​၏​မိဘ​တို့​မြင်​သဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​ကြ​၏။ မောရှေ​သည် အရွယ်ရောက်​သောအခါ ဖာရော​ဘုရင်​သမီး​တော်​၏​သား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို​ငြင်းပယ်​၍ အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။ သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။ သူ​သည် မ​မြင်ရ​သော​အရှင်​ကို​မြင်​နေ​ရ​သကဲ့သို့ သည်းခံ​တည်ကြည်​ခဲ့​သည်​ဖြစ်၍ ရှင်ဘုရင်​၏​ပြင်းစွာ​သော​ဒေါသ​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အီဂျစ်​ပြည်​ကို​စွန့်ခွာ​ခဲ့​၏။ သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။

​ဟေဗြဲဩဝါဒစာ 11:7-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။