YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 11:1-40

ဟေဗြဲဩဝါဒစာ 11:1-40 MSBU

ယုံကြည်​ခြင်း​ဆို​သည်​မှာ မျှော်လင့်​ထား​သော​အရာ​များ​အပေါ်​စိတ်ချ​မှု​ရှိ​ခြင်း၊ မ​မြင်​ရ​သော​အရာ​တို့​အမှန်တကယ်​ရှိ​သည်​ဟု​မှတ်ယူ​ခြင်း​ဖြစ်​၏။ ရှေး​လူကြီး​တို့​သည် ဤ​ယုံကြည်​ခြင်း​ကြောင့် ချီးကျူး​ခံရ​ကြ​၏။ ဤ​လောကဓာတ်​ကို ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ယခု​မြင်​ရ​သော​အရာ​သည် ထင်ရှား​လျက်​ရှိ​သော​အရာ​များ​မှ​ဖြစ်လာ​သည်​မ​ဟုတ်​ကြောင်း ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​သိ​ရ​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။ ယုံကြည်​ခြင်း​အားဖြင့် ဧနောက်​သည် သေ​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ဘဝ​ပြောင်း​ခွင့်​ရ​၏။ ဘုရားသခင်​သည် သူ့​အား​ဘဝ​ပြောင်း​စေ​တော်မူ​သောကြောင့် သူ့​ကို​မ​တွေ့​ရ​ကြ​တော့ချေ။ သူ​သည် ဘဝ​မ​ပြောင်း​မီ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​ဖြစ်​ကြောင်း အသိအမှတ်​ပြု​ခြင်း​ကို​ခံရ​၏။ ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။ နောဧ​သည် မ​မြင်​ရ​သေး​သော​အရာ​များ​နှင့်​ပတ်သက်၍ ဗျာဒိတ်​တော်​ရ​သောအခါ ကြောက်ရွံ့​ရိုသေ​သော​စိတ်​ရှိ​၍ မိမိ​အိမ်သူအိမ်သား​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် ယုံကြည်​ခြင်း​အားဖြင့် သင်္ဘော​ကို​တည်ဆောက်​လေ​၏။ ထို​ယုံကြည်​ခြင်း​အားဖြင့် သူ​သည် လောက​၏​အပြစ်​ကို​ထင်ရှား​စေ​၍ ယုံကြည်​ခြင်း​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ကို အမွေ​ဆက်ခံ​သူ​ဖြစ်လာ​၏။ အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။ သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ကတိ​ထား​တော်မူ​သော​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့ ဧည့်သည်​အဖြစ်​နေထိုင်​၍ တစ်ခုတည်း​သော​ကတိ​တော်​ကို အတူတကွ​အမွေ​ဆက်ခံ​သူ​များ​ဖြစ်​ကြ​သော ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ တဲ​များ​တွင်​နေထိုင်​ကြ​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ရေးဆွဲ​စီမံ​၍ တည်ဆောက်​တော်မူ​သော ခိုင်ခံ့​သည့်​အုတ်မြစ်​ရှိ​သော​မြို့​ကို မျှော်လင့်​နေ​၏။ ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။ ဤသို့ဖြင့် ကောင်းကင်​ကြယ်​များ​ကဲ့သို့​လည်းကောင်း၊ ပင်လယ်​ကမ်းခြေ​မှ မ​ရေတွက်​နိုင်​သော​သဲပွင့်​များ​ကဲ့သို့​လည်းကောင်း များစွာ​သော​သူ​တို့​သည် သေသူ​ကဲ့သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံမှ ပေါက်ဖွား​လာ​ကြ​၏။ ထို​သူ​အပေါင်း​တို့​သည် ကတိ​ပေး​တော်မူ​သော​အရာ​များ​ကို မ​ခံစား​ရ​သော်လည်း ၎င်း​တို့​ကို အဝေး​မှ​လှမ်းမြင်​၍ ကြိုဆို​လက်ခံ​ကာ မိမိ​တို့​သည် မြေကြီး​ပေါ်၌ အာဂန္တု​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​သာ​ဖြစ်​ကြောင်း ဝန်ခံ​လျက် ယုံကြည်​ရင်း​သေလွန်​ကြ​၏။ ထိုသို့​ဝန်ခံ​သော​သူ​တို့​သည် မိမိ​တို့​နေရင်း​ပြည်​ကို ကြိုးစား​ရှာဖွေ​နေ​ကြောင်း ထင်ရှား​စေ​ကြ​၏။ သူ​တို့​သည် မိမိ​တို့​ထွက်ခွာ​လာ​ခဲ့​သော​ပြည်​ကို သတိရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အခွင့်အခါ​ရှိ​ခဲ့​ပေ​လိမ့်မည်။ သို့သော် အမှန်​အားဖြင့် သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့်​ပြည်​တည်းဟူသော သာ၍​မြတ်​သော​ပြည်​ကို အလွန်​တောင့်တ​နေ​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​၏​ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို ရှက်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​အတွက် မြို့​တော်​ကို​ပြင်ဆင်​ထား​တော်မူ​၏။ အာဗြဟံ​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​ကို​ပူဇော်​၏။ ကတိ​တော်​များ​ကို​ရရှိ​ထား​သော​သူ​သည် တစ်ဦးတည်း​သော​သား​ကို​ပူဇော်​ရန်​ပြင်ဆင်​၏။ ထို​သား​နှင့်​ပတ်သက်၍ “ဣဇက်​မှ​ဆင်းသက်​သော​သူ​သည် သင်​၏​အမျိုးအနွယ်​ဟူ၍ ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မြွက်ဆို​ထား​၏။ ဘုရားသခင်​သည် သေလွန်​သော​သူ​တို့​ကို​ပင် ထမြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်ယူ​လျက် ထိုသို့​ပူဇော်​၏။ ပုံ​ဥပမာ​အဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲမှ ပြန်​ရ​ခဲ့​၏။ ယုံကြည်​ခြင်း​အားဖြင့် ဣဇက်​သည် နောင်​ဖြစ်​မည့်​အရာ​များ​နှင့်​ပတ်သက်၍ ယာကုပ်​နှင့်​ဧသော​တို့​ကို ကောင်းချီး​ပေး​၏။ ယာကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် ယောသပ်​၏​သား​တစ်ဦးစီ​ကို ကောင်းချီး​ပေး​၍ မိမိ​တောင်ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိခိုး​လေ​၏။ ယောသပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံကြည်​ခြင်း​အားဖြင့် အစ္စရေး​အမျိုးသား​တို့​၏​ထွက်မြောက်​ခြင်း​အကြောင်း​ကို ပြောပြ​လျက် မိမိ​၏​အရိုး​များ​နှင့်​ပတ်သက်၍ မှာကြား​ခဲ့​၏။ မောရှေ​ဖွားမြင်​သောအခါ အဆင်းလှ​သော​သူငယ်​ဖြစ်​ကြောင်း သူ​၏​မိဘ​တို့​မြင်​သဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​ကြ​၏။ မောရှေ​သည် အရွယ်ရောက်​သောအခါ ဖာရော​ဘုရင်​သမီး​တော်​၏​သား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သည်​ကို​ငြင်းပယ်​၍ အပြစ်​နှင့်ဆိုင်သော​ပျော်ရွှင်​မှု​ကို ခဏ​သာ​ခံစား​ရ​ခြင်း​ထက် ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဆင်းရဲ​ဒုက္ခ​ခံရ​ခြင်း​ကို ယုံကြည်​ခြင်း​အားဖြင့်​ရွေးချယ်​၏။ သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။ သူ​သည် မ​မြင်ရ​သော​အရှင်​ကို​မြင်​နေ​ရ​သကဲ့သို့ သည်းခံ​တည်ကြည်​ခဲ့​သည်​ဖြစ်၍ ရှင်ဘုရင်​၏​ပြင်းစွာ​သော​ဒေါသ​ကို​ပင်​မ​ကြောက်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် အီဂျစ်​ပြည်​ကို​စွန့်ခွာ​ခဲ့​၏။ သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ပင်လယ်​နီ​ကို ခြောက်သွေ့​သော​မြေ​ကဲ့သို့​ဖြတ်​သွား​ကြ​၏။ ထိုနည်းတူ​ပြု​ရန် ကြံစည်​အားထုတ်​သော​အီဂျစ်​အမျိုးသား​တို့​သည် နစ်မြုပ်​ကြ​ကုန်​၏။ ယုံကြည်​ခြင်း​အားဖြင့် ဂျေရိခေါ​မြို့​ကို ခုနစ်​ရက်​တိုင်တိုင် ဝိုင်းရံ​လှည့်ပတ်​ကြ​ရာ မြို့ရိုး​သည်​ပြိုကျ​လေ​၏။ ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။ ထို့ပြင် ထပ်၍ မည်သည့်​အကြောင်း​ကို ပြော​ရ​ဦး​မည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​နှင့် ပရောဖက်​တို့​၏​အကြောင်း​များ​ကို​ပြော​လျှင် အချိန်​လောက်​မည်​မ​ဟုတ်။ ထို​သူ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် တိုင်း​နိုင်ငံ​များ​ကို​အောင်​ခြင်း၊ ဖြောင့်မတ်​စွာ​အုပ်ချုပ်​ခြင်း၊ ကတိ​တော်​များ​ကို​ခံစား​ရ​ခြင်း၊ ခြင်္သေ့​နှုတ်​ကို​ပိတ်​ခြင်း၊ မီး​အရှိန်​ကို​ငြိမ်း​စေ​ခြင်း၊ ဓား​ဘေး​မှ​လွတ်မြောက်​ခြင်း၊ အားနည်း​ရာ​မှ အားကြီး​လာ​ခြင်း၊ စစ်ပွဲ​၌ ခွန်အား​နှင့်​ပြည့်စုံ​လာ​၍ တိုင်းတစ်ပါးသား​တို့​၏​စခန်း​များ​ကို​ဖြိုခွင်း​ခြင်း စသည့်​အမှု​များ​ကို​ပြု​ခဲ့​ကြ​၏။ မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။ အချို့​သော​သူ​တို့​မူကား ကဲ့ရဲ့​ခြင်း၊ ကြိမ်ဒဏ်​ပေး​ခြင်း​တို့​ကို​ခံရ​သည်​သာမက ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ကို​လည်း​ခံ​ခဲ့​ကြ​ရ​၏။ သူ​တို့​သည် ခဲ​နှင့်​ပေါက်​သတ်​ခြင်း၊ လွှ​နှင့်​ပိုင်းဖြတ်​ခြင်း၊ ဓား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံရ​ကြ​၍ ဆင်းရဲ​နွမ်းပါး​လျက်​၊ နှိပ်စက်​ခြင်း၊ မတရား​ပြုမူ​ဆက်ဆံ​ခြင်း​တို့​ကို​ခံရ​လျက်​၊ သိုး​သားရေ၊ ဆိတ်​သားရေ​တို့​ကို​ဝတ်​လျက် လှည့်လှည်​ကြ​ရ​၏။ ဤ​လောက​သည် ထို​သူ​တို့​နှင့်​မ​ထိုက်တန်​ချေ။ သူ​တို့​သည် တော​ကန္တာရ​များ၊ တောင်တန်း​များ၊ လိုဏ်ဂူ​များ​နှင့် မြေ​တွင်း​များ​တွင် လှည့်လည်​နေထိုင်​ကြ​ရ​၏။ ဤ​သူ​အပေါင်း​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ချီးကျူး​ခံရ​ကြ​သော်လည်း ကတိ​ပေး​တော်မူ​သော​အရာ​ကို မ​ရရှိ​ခဲ့​ကြ​ချေ။ ဘုရားသခင်​သည် ငါ​တို့​အတွက် သာ၍​မြတ်​သော​အရာ​ကို ကြိုတင်​ပြင်ဆင်​ပေး​တော်မူ​သည်​ဖြစ်​၍ သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံလင်​ခြင်း​သို့​မ​ရောက်​နိုင်​ရာ။