တစ်ဖန် ထာဝရဘုရားက နောဧအား “ဤမျိုးဆက်တွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်း ငါတွေ့မြင်ရသည်ဖြစ်၍ သင်နှင့်တကွ သင့်မိသားစုတစ်စုလုံး သင်္ဘောထဲသို့ဝင်ကြလော့။ မြေတစ်ပြင်လုံးတွင် မျိုးဆက်မပြတ်စေရန် စင်ကြယ်သောတိရစ္ဆာန်ရှိသမျှထဲမှ အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောတိရစ္ဆာန်ထဲမှ အထီးအမ တစ်စုံစီ၊ မိုးကောင်းကင်ငှက်များထဲမှလည်း အထီးအမ ခုနစ်စုံစီတို့ကို သင်နှင့်အတူ သိမ်းယူထားရမည်။ အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။ နောဧသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။ မြေကြီးပေါ်မှာ ရေလွှမ်းမိုးမှုဖြစ်သောအခါ နောဧသည် အသက်ခြောက်ရာရှိ၏။ ရေလွှမ်းမိုးမှုကြောင့် နောဧသည် သူ၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။ နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း စင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောတိရစ္ဆာန်၊ ငှက်နှင့် မြေပေါ်မှာတွားသွားသောသတ္တဝါအပေါင်းတို့ထဲမှ အထီး၊ အမတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာ သင်္ဘောထဲသို့ဝင်ကြ၏။ ခုနစ်ရက်ပြည့်သောအခါ မြေကြီးပေါ်မှာ ရေလွှမ်းမိုးမှုဖြစ်ပေါ်လေ၏။ နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုးရွာလေ၏။ ထိုနေ့၌ပင် နောဧနှင့် နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့မှစ၍ နောဧ၏မယားနှင့် ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။ ဤသို့ဖြင့် သက်ရှိသတ္တဝါအပေါင်းတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာသင်္ဘောထဲသို့ ဝင်ကြ၏။ ထိုသို့ ဝင်ကြသောသတ္တဝါတို့မှာ သတ္တဝါအပေါင်းတို့ထဲမှ အထီး၊ အမဖြစ်ကြပြီး နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ဝင်ကြ၏။ ထို့နောက် ထာဝရဘုရားသည် နောဧကို အထဲမှာပိတ်ထားတော်မူ၏။
ကမ္ဘာဦးကျမ်း 7 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 7:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ