YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 45:4-13

ကမ္ဘာဦးကျမ်း 45:4-13 MSBU

ထိုအခါ ယောသပ်​က ညီအစ်ကို​တို့​အား “​အကျွန်ုပ်​အနား​သို့​လာ​ကြ​ပါ​လော့​”​ဟု ဆို​သဖြင့် သူ​တို့​သည် အနား​သို့​လာ​ကြ​၏​။ ယောသပ်​က “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​သို့ သင်​တို့​ရောင်း​လိုက်​သော သင်​တို့​၏​ညီ​ယောသပ်​ဖြစ်​ပါ​၏​။ သို့ရာတွင် အကျွန်ုပ်​ကို ဤ​အရပ်​သို့​ရောင်း​လိုက်​သည့်​အတွက် ဝမ်း​မ​နည်း​ကြ​ပါ​နှင့်​။ ကိုယ့်ကိုယ်ကိုယ်​အမျက်​မ​ထွက်​ကြ​ပါ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​သည် လူ​တို့​အသက်​ကို​စောင်မ​ရန်​အတွက် သင်​တို့​ထက်​အလျင် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​၏​။ မြေကြီး​ပေါ်၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး နှစ်​နှစ်​ဖြစ်​ခဲ့​ပြီ​။ ထွန်ယက်​ခြင်း​၊ ရိတ်သိမ်း​ခြင်း​မ​ပြု​နိုင်​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​။ မြေကြီး​ပေါ်၌ သင်​တို့​အသက်ရှင်​ကျန်ရစ်​စေရန် သင်​တို့​ကို​ထိန်းသိမ်းစောင့်ရှောက်​မည့်​အကြောင်း​၊ ကြီးစွာ​သော​ကယ်တင်​ခြင်း​ဖြင့် သင်​တို့​အသက်ချမ်းသာ​ရာ​ရ​စေ​မည့်​အကြောင်း ဘုရားသခင်​သည် အကျွန်ုပ်​ကို သင်​တို့​ထက်​အလျင် စေလွှတ်​တော်မူ​၏​။ သို့ဖြစ်၍ သင်​တို့​သည် အကျွန်ုပ်​ကို ဤ​အရပ်​သို့​စေလွှတ်​သည်​မ​ဟုတ်​။ ဘုရားသခင်​စေလွှတ်​တော်မူ​သည်​ဖြစ်​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဖာရော​မင်းကြီး​၏​အဖ​အရာ​၌​လည်းကောင်း​၊ နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​၏​သခင်​အရာ​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို​အုပ်စိုး​သော​သူ​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ပြီ​။ အကျွန်ုပ်​၏​ဖခင်​ထံသို့​အလျင်အမြန်​ပြန်သွား​ကြ​၍ ဖခင်​အား အဖေ့​သား​ယောသပ်​က ‘​ဘုရားသခင်​သည် အကျွန်ုပ်​ကို အီဂျစ်​ပြည်​တစ်ပြည်လုံး​၏​သခင်​အရာ​၌ ခန့်ထား​တော်မူ​ပြီ​။ အကျွန်ုပ်​ထံသို့​လာ​ပါ​လော့​။ အချိန်​မ​ဆွဲ​နှင့်​။ အဖေ​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ရ​မည်​။ အဖေ​နှင့်တကွ အဖေ​၏​သားသမီး​များ​၊ မြေး​များ​၊ သိုးဆိတ်​များ​၊ နွားအုပ်​များ​၊ အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် အကျွန်ုပ်​အနား​တွင်​ရှိ​ရ​မည်​။ ထို​အရပ်​၌ အဖေ့​ကို အကျွန်ုပ်​ကျွေးမွေးပြုစု​ပါ​မည်​။ သို့မဟုတ်လျှင် အဖေ​မှစ၍ အဖေ​၏​အိမ်သူအိမ်သား​များ​နှင့်​အဖေ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​သည် ပျက်စီးဆုံးရှုံး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏​’​ဟူ၍ မှာလိုက်​ကြောင်း ပြော​ကြ​လော့​။ သင်​တို့​အား အကျွန်ုပ်ကိုယ်တိုင်​ပြော​သည်​ကို သင်​တို့​မျက်မြင်​၊ အကျွန်ုပ်​ညီ​ဗင်္ယာမိန်​မျက်မြင် ဖြစ်​၏​။ အီဂျစ်​ပြည်​၌ အကျွန်ုပ်​ရ​သော​ဂုဏ်သရေ​ရှိသမျှ​နှင့် သင်​တို့​တွေ့မြင်​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​၏​ဖခင်​အား​ပြောပြ​ရ​မည်​။ သင်​တို့​သည် အလျင်အမြန်​သွား​၍ အကျွန်ုပ်​၏​ဖခင်​ကို ဤ​အရပ်​သို့​ခေါ်ဆောင်​ခဲ့​ရ​မည်​”​ဟု ဆို​လေ​၏​။