YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 35:2-10

ကမ္ဘာဦးကျမ်း 35:2-10 MSBU

ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။ ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​လက်​ထဲ၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ရှိသမျှ​ကို​လည်းကောင်း​၊ မိမိ​တို့​နား​၌​ပန်​ထား​သော နားကွင်း​များ​ကို​လည်းကောင်း ယာကုပ်​အား​ပေး​ကြ​၏​။ ယာကုပ်​သည်​လည်း ၎င်း​တို့​ကို ရှေခင်​မြို့​အနီး​ရှိ သပိတ်ပင်​အောက်​၌​မြှုပ်​လေ​၏​။ ထို့နောက် သူ​တို့​သည် ခရီးပြု​ကြ​၏​။ ဘုရားသခင်​ကို​ကြောက်ရွံ့ထိတ်လန့်​ခြင်း​သည် သူ​တို့​ပတ်လည်​၌​ရှိ​သော​မြို့​များ​အပေါ်​သို့ ကျရောက်​သဖြင့် ထို​မြို့သား​တို့​သည် ယာကုပ်​၏​သား​တို့​ကို မ​လိုက်​ဝံ့​ကြ​ချေ​။ ယာကုပ်​သည် သူ​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​နှင့်တကွ ခါနာန်​ပြည်​ရှိ လုဇ​မြို့​တည်းဟူသော ဗေသလ​အရပ်​သို့​ရောက်လာ​၏​။ သူ​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထို​အရပ်​ကို ဧလ​ဗေသလ ဟု​ခေါ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​အစ်ကို​ထံ​မှ​ထွက်ပြေး​စဉ်က ထို​အရပ်​၌ ဘုရားသခင်​ထင်ရှား​တော်မူ​၏​။ ထို့နောက် ရေဗက္ကာ​၏​အထိန်း ဒေဗောရ​သည် သေဆုံး​၍ ဗေသလ​အရပ်​အနိမ့်ပိုင်း​၊ ဝက်သစ်ချပင်​အောက်​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ထို့ကြောင့် ထို​အပင်​၏​အမည်​ကို အာလုမ္ဘာကုတ် ဟု​ခေါ်​၏​။ ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​ပြီးနောက် ဘုရားသခင်​သည် သူ့​အား တစ်ဖန်​ကိုယ်ထင်ရှားပြ​၍ ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​သင်​၏​အမည်​သည် ယာကုပ် ဖြစ်​၏​။ သို့သော် သင့်​ကို ယာကုပ် ဟု​ခေါ်​တော့​မည်​မ​ဟုတ်​။ ယခု​မှစ၍ သင်​၏​အမည်​သည် အစ္စရေး ဖြစ်​ရ​မည်​”​ဟု သူ့​အား​မိန့်​တော်မူ​လျက် သူ​၏​အမည်​ကို အစ္စရေး ဟု​မှည့်ခေါ်​တော်မူ​၏​။