YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 35:1-15

ကမ္ဘာဦးကျမ်း 35:1-15 MSBU

ထို့နောက် ဘုရားသခင်​က ယာကုပ်​အား “​ထ​လော့​။ ဗေသလ​အရပ်​သို့​သွား​၍ ထို​အရပ်​၌ နေထိုင်​လော့​။ သင်​၏​အစ်ကို​ဧသော​ထံ​မှ သင်​ထွက်ပြေး​စဉ်က သင့်​အား ကိုယ်ထင်ရှားပြ​သော​ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ယာကုပ်​သည် မိမိ​၏​အိမ်သူအိမ်သား​တို့​မှစ၍ မိမိ​နှင့်အတူ​ရှိ​သော​သူ​အပေါင်း​တို့​အား “​သင်​တို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​၏​ဘုရား​များ​ကို ဖယ်ရှား​ကြ​လော့​။ သင်တို့ကိုယ်သင်တို့ စင်ကြယ်​စေ​၍ သင်​တို့​၏​အဝတ်အစား​များ​ကို လဲ​ကြ​လော့​။ ထ​၍​ဗေသလ​အရပ်​သို့​သွား​ကြ​စို့​။ ငါ​ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ထူး​တော်မူ​၍ ငါ​သွား​သော​လမ်းခရီး​၌ ငါ​နှင့်အတူ​ရှိ​တော်မူ​သော ဘုရားသခင်​အဖို့ ထို​အရပ်​၌ ယဇ်ပလ္လင်​ကို ငါ​တည်​မည်​”​ဟု ဆို​၏​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​လက်​ထဲ၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ရှိသမျှ​ကို​လည်းကောင်း​၊ မိမိ​တို့​နား​၌​ပန်​ထား​သော နားကွင်း​များ​ကို​လည်းကောင်း ယာကုပ်​အား​ပေး​ကြ​၏​။ ယာကုပ်​သည်​လည်း ၎င်း​တို့​ကို ရှေခင်​မြို့​အနီး​ရှိ သပိတ်ပင်​အောက်​၌​မြှုပ်​လေ​၏​။ ထို့နောက် သူ​တို့​သည် ခရီးပြု​ကြ​၏​။ ဘုရားသခင်​ကို​ကြောက်ရွံ့ထိတ်လန့်​ခြင်း​သည် သူ​တို့​ပတ်လည်​၌​ရှိ​သော​မြို့​များ​အပေါ်​သို့ ကျရောက်​သဖြင့် ထို​မြို့သား​တို့​သည် ယာကုပ်​၏​သား​တို့​ကို မ​လိုက်​ဝံ့​ကြ​ချေ​။ ယာကုပ်​သည် သူ​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​နှင့်တကွ ခါနာန်​ပြည်​ရှိ လုဇ​မြို့​တည်းဟူသော ဗေသလ​အရပ်​သို့​ရောက်လာ​၏​။ သူ​သည် ထို​အရပ်​၌ ယဇ်ပလ္လင်​ကို​တည်​၍ ထို​အရပ်​ကို ဧလ​ဗေသလ ဟု​ခေါ်​၏​။ အကြောင်းမူကား သူ​သည် မိမိ​အစ်ကို​ထံ​မှ​ထွက်ပြေး​စဉ်က ထို​အရပ်​၌ ဘုရားသခင်​ထင်ရှား​တော်မူ​၏​။ ထို့နောက် ရေဗက္ကာ​၏​အထိန်း ဒေဗောရ​သည် သေဆုံး​၍ ဗေသလ​အရပ်​အနိမ့်ပိုင်း​၊ ဝက်သစ်ချပင်​အောက်​၌ သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။ ထို့ကြောင့် ထို​အပင်​၏​အမည်​ကို အာလုမ္ဘာကုတ် ဟု​ခေါ်​၏​။ ယာကုပ်​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​ပြီးနောက် ဘုရားသခင်​သည် သူ့​အား တစ်ဖန်​ကိုယ်ထင်ရှားပြ​၍ ကောင်းချီးပေး​တော်မူ​၏​။ ဘုရားသခင်​က “​သင်​၏​အမည်​သည် ယာကုပ် ဖြစ်​၏​။ သို့သော် သင့်​ကို ယာကုပ် ဟု​ခေါ်​တော့​မည်​မ​ဟုတ်​။ ယခု​မှစ၍ သင်​၏​အမည်​သည် အစ္စရေး ဖြစ်​ရ​မည်​”​ဟု သူ့​အား​မိန့်​တော်မူ​လျက် သူ​၏​အမည်​ကို အစ္စရေး ဟု​မှည့်ခေါ်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ငါ​သည် အနန္တတန်ခိုးရှင်​ဘုရားသခင်​ဖြစ်​၏​။ တိုးပွား​များပြား​လော့​။ သင့်​ထံမှ လူမျိုး​တစ်​မျိုး​သာမက လူမျိုးပေါင်း​များစွာ ဆင်းသက်​လာ​ကြ​လိမ့်မည်​။ သင်​၏​အမျိုးအနွယ်​ထဲမှ ရှင်ဘုရင်​များ​လည်း ပေါ်ထွန်း​လိမ့်မည်​။ အာဗြဟံ​နှင့်​ဣဇက်​အား ငါ​ပေး​သော​ပြည်​ကို သင့်​အား ငါ​ပေး​မည်​။ ထို​ပြည်​ကို နောင်လာမည့် သင်​၏​သားစဉ်မြေးဆက်​အား​လည်း ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ ထို့နောက် ဘုရားသခင်​သည် သူ​နှင့်​မိန့်မြွက်​တော်မူ​သော​ထို​အရပ်​မှ ကြွသွား​တော်မူ​၏​။ ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၌ ကျောက်တိုင်​တစ်​တိုင်​ကို စိုက်ထူ​လေ​၏​။ သူ​သည် ၎င်း​အပေါ်​၌ သွန်းလောင်းရာပူဇော်သက္ကာ​ကို​သွန်းလောင်း​၍ ဆီ​ကို​လည်း​လောင်း​၏​။ ယာကုပ်​သည် မိမိ​အား​ဘုရားသခင်​မိန့်မြွက်​တော်မူ​သော​အရပ်​၏​အမည်​ကို ဗေသလ ဟု​ခေါ်​၏​။