YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 3:1-10

ကမ္ဘာဦးကျမ်း 3:1-10 MSBU

မြွေ​သည် ထာဝရအရှင်​ဘုရားသခင် ဖန်ဆင်း​တော်မူ​သော တောရိုင်းတိရစ္ဆာန်​အားလုံး​တို့​ထက် လိမ္မာပါးနပ်​၏​။ မြွေ​က မိန်းမ​အား “​ဥယျာဉ်​ထဲ​ရှိ မည်သည့်​အပင်​၏​အသီး​ကို​မျှ မ​စား​ရ​ဟူ၍ ဘုရားသခင်​သည် အမှန်ပင်​မိန့်​တော်မူ​သလော​”​ဟု မေး​လေ​၏​။ မိန်းမ​က​လည်း “​ဥယျာဉ်​ထဲ​ရှိ​အပင်​တို့​၏​အသီး​ကို ငါ​တို့​စား​ခွင့်​ရှိ​၏​။ သို့သော် ဥယျာဉ်​အလယ်​ရှိ​အပင်​၏​အသီး​ကို​မူ ဘုရားသခင်​က ‘​သင်​တို့​သည် ထို​အသီး​ကို​မ​စား​ရ​၊ မ​ထိ​ရ​။ ထိမိ​၊ စား​မိ​လျှင် သေ​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မြွေ​အား​ဆို​လေ​၏​။ မြွေ​က​လည်း “​သင်​တို့​သည် မုချ​သေ​ရ​မည်​မ​ဟုတ်​။ ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​တို့​သည် မျက်စိ​ပွင့်လင်း​၍ အကောင်း​အဆိုး​ကို​သိ​ကာ ဘုရားသခင်​ကဲ့သို့​ဖြစ်​မည်​ကို ဘုရားသခင်​သိ​တော်မူ​သောကြောင့်​ဖြစ်​၏​”​ဟု မိန်းမ​အား​ဆို​လေ​၏​။ ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။ ထိုအခါ ထို​သူ​နှစ်ဦးစလုံး​သည် မျက်စိ​ပွင့်လင်း​၍ မိမိ​တို့​၌ အဝတ်မပါ​အချည်းစည်း​ဖြစ်​သည်​ကို သိသွား​သဖြင့် သူ​တို့​သည် သဖန်း​ရွက်​များ​ကို​သီချုပ်​လျက် မိမိ​တို့​အတွက် ခါးဝတ်တန်ဆာ​ကို ပြုလုပ်​ကြ​၏​။ နေအေး​သော​အချိန်​တွင် ဥယျာဉ်​၌ ထာဝရအရှင်​ဘုရားသခင် ကြွ​တော်မူ​သော​အသံ​ကို လူ​လင်မယား​သည် ကြား​လျှင် ထာဝရအရှင်​ဘုရားသခင် ရှေ့​တော်​မှ​လွတ်​ရန် ဥယျာဉ်​ရှိ​သစ်ပင်​များ​ကြားတွင် ပုန်းကွယ်​လျက်​နေ​ကြ​၏​။ ထာဝရအရှင်​ဘုရားသခင်​က လူ​ကို​ခေါ်​၍ “​သင်​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​၏​။ လူ​က​လည်း “​ဥယျာဉ်​၌ ကိုယ်တော်​၏​အသံ​ကို​ကြား​၍ အကျွန်ုပ်​မှာ အဝတ်မပါ​အချည်းစည်း​ဖြစ်​သောကြောင့် ကြောက်​၍ ပုန်းကွယ်​နေ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။