YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 27:15-36

ကမ္ဘာဦးကျမ်း 27:15-36 MSBU

ထို့နောက် ရေဗက္ကာ​သည် အိမ်​တွင် သူ​၌​ရှိ​သော သား​ကြီး​ဧသော​၏​အကောင်းဆုံး​အဝတ်​ကို​ယူ​၍ သား​ငယ်​ယာကုပ်​အား ဝတ်ဆင်​ပေး​လျက် ဆိတ်သငယ်​၏​သားရေ​တို့​ဖြင့် သူ​၏​လက်​နှင့် ပြောင်ချော​နေ​သော သူ​၏​လည်ပင်း​ကို ဖုံးအုပ်​ပေး​၏​။ မိမိ​ချက်​ထား​သည့် အရသာ​ကောင်း​သော​ဟင်းလျာ​နှင့်​မုန့်​ကို​လည်း သား​ယာကုပ်​၏​လက်​၌ ထည့်ပေး​လေ​၏​။ ထိုအခါ ယာကုပ်​သည် မိမိ​ဖခင်​ထံသို့​သွား​၍ “​အဖေ​”​ဟု ခေါ်​လျှင် ဖခင်​က “​ပြော​ပါ ငါ့​သား​၊ သင်​သည် မည်သူ​နည်း​”​ဟု မေး​လေ​၏​။ ယာကုပ်​က​လည်း “​အကျွန်ုပ်​သည် အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​။ အဖေ​ပြော​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ အဖေ​သည် အကျွန်ုပ်​ကို ကောင်းချီးပေး​မည့်​အကြောင်း ယခု ထ​၍​ထိုင်​ပါ​။ အကျွန်ုပ်​၏​တောကောင်သား​ကို စား​ပါ​”​ဟု မိမိ​ဖခင်​အား ဆို​လေ​၏​။ ဣဇက်​က​လည်း “​ငါ့​သား​၊ အဘယ်ကြောင့် ဤမျှလောက်​လျင်မြန်​စွာ​တွေ့​ရ​သနည်း​”​ဟု မေး​လျှင် ယာကုပ်​က “​အဖေ​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​အား တွေ့ခွင့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​ပါ​သည်​”​ဟု ပြန်ဆို​၏​။ ဣဇက်​က​လည်း “​ငါ့​သား​၊ သင်​သည် အမှန်ပင် ငါ့​သား​ဧသော​ဟုတ်​၊ မ​ဟုတ် သင့်​ကို ငါ​စမ်းကြည့်​နိုင်​ရန် ငါ့​နား​သို့​လာ​ပါ​လော့​”​ဟု ယာကုပ်​အား​ဆို​၏​။ ထို့ကြောင့် ယာကုပ်​သည် သူ​၏​ဖခင်​ဣဇက်​ထံ​ချဉ်းကပ်​လေ​၏​။ ဖခင်​သည်​လည်း သူ့​ကို​စမ်းကြည့်​ပြီးလျှင် “​အသံ​ကား ယာကုပ်​၏​အသံ​၊ လက်​ကား ဧသော​၏​လက်​ပါတကား​”​ဟု ဆို​၏​။ ယာကုပ်​၏​လက်​သည် အစ်ကို​ဧသော​၏​လက်​ကဲ့သို့ အမွေးထူ​သောကြောင့် ယာကုပ်​ဖြစ်ကြောင်း​မ​သိ​နိုင်​သဖြင့် ဣဇက်​သည် သူ့​ကို​ကောင်းချီးပေး​လေ​၏​။ သို့ရာတွင် “​သင်​သည် အမှန်ပင် ငါ့​သား​ဧသော​ဖြစ်​သလော​”​ဟု မေးပြန်​၏​။ ယာကုပ်​က​လည်း “​မှန်​ပါ​သည်​”​ဟု ဆို​၏​။ ဣဇက်​က​လည်း “​ငါ့​သား​၊ ငါ​စား​ဖို့ တောကောင်သား​ကို ငါ့​ထံသို့ ယူလာ​လော့​။ ငါ​စား​ပြီးလျှင် သင့်​ကို ကောင်းချီးပေး​မည်​”​ဟု ဆို​လျှင် ယာကုပ်​သည် သူ့​ထံသို့​ယူလာ​၍ သူ​သည်​စား​လေ​၏​။ စပျစ်ဝိုင်​ကို​လည်း ယူလာ​ပေး​ရာ သူ​သည်​သောက်​လေ​၏​။ ထို့နောက် ယာကုပ်​၏​ဖခင်​ဣဇက်​က “​ငါ့​သား​၊ ငါ့​ထံသို့​ချဉ်းကပ်​၍ ငါ့​ကို​နမ်း​လော့​”​ဟု ဆို​သဖြင့် ယာကုပ်​သည် သူ့​ထံသို့​ချဉ်းကပ်​၍ နမ်း​လေ​၏​။ ထိုအခါ ဣဇက်​သည် ယာကုပ်​အဝတ်​၏​အနံ့​ကို​ခံ​၍ “​ကြည့်ရှု​လော့​။ ငါ့​သား​၏​အနံ့​သည် ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သော​လယ်​၏​ရနံ့​နှင့်​တူ​၏​။ ဘုရားသခင်​သည် မိုးကောင်းကင်​၏​နှင်း​ကို​လည်းကောင်း​၊ မြေကြီး​၏​အဆီအနှစ်​ကို​လည်းကောင်း​၊ များစွာ​သော​ကောက်ပဲသီးနှံ​နှင့်​စပျစ်ဝိုင်​အသစ်​ကို​လည်းကောင်း သင့်​အား​ပေး​တော်မူ​ပါစေ​။ လူမျိုးတကာ​တို့​သည် သင့်​ထံ၌​အစေခံ​ကြ​၍ တိုင်းသူပြည်သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင်​သည် သင့်​ညီအစ်ကို​တို့​၏​အရှင်သခင်​ဖြစ်​လျက် သင့်​မိခင်​၏​သား​တို့​သည် သင့်​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေ​။ သင့်​ကို​ကျိန်ဆဲ​သော​သူ​တို့​သည် ကျိန်ဆဲ​ခြင်း​ခံရ​၍ သင့်​ကို​ကောင်းချီးပေး​သော​သူ​တို့​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​ကြ​ပါစေ​”​ဟု သူ့​ကို​ကောင်းချီးပေး​လေ​၏​။ ဣဇက်​သည် ယာကုပ်​ကို​ကောင်းချီးပေး​ပြီးမှ ယာကုပ်​လည်း ဖခင်​ဣဇက်​ထံ​မှ​ထွက်သွား​လျှင်​ထွက်သွား​ချင်း သူ့​အစ်ကို​ဧသော​သည် တောကောင်လိုက်​ရာ​မှ​ပြန်လာ​၏​။ ဧသော​သည်​လည်း အရသာ​ကောင်း​သော​ဟင်းလျာ​ကို​ချက်​၍ ဖခင်​ထံသို့​ယူလာ​ပြီးလျှင် “​အဖေ​၊ အဖေ့​သား​ယူလာ​သော​တောကောင်သားဟင်း​ကို ထ​၍ စား​ပြီး သား​ကို​ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​၏​။ ဖခင်​ဣဇက်​က​လည်း “​သင်​သည် မည်သူ​နည်း​”​ဟု မေး​လျှင် ဧသော​က “​အကျွန်ုပ်​သည် အဖေ့​သား​၊ အဖေ့​သားဦး​ဧသော​ဖြစ်​ပါ​သည်​”​ဟု ဆို​၏​။ ထိုအခါ ဣဇက်​သည် အလွန်​ထိတ်လန့်​တုန်လှုပ်​လျက် “​သို့ဖြစ်လျှင် တောကောင်​လိုက်ဖမ်း​၍ ငါ့​ထံသို့​ယူလာ​ခဲ့​သော​သူ​သည် မည်သူ​နည်း​။ သင်​ရောက်​မ​လာ​မီ ငါ​သည် အကုန်​စား​ပြီး သူ့​ကို​ကောင်းချီးပေး​လေ​ပြီ​။ အကယ်စင်စစ် သူ​သည် ကောင်းချီးမင်္ဂလာ​ကို​ခံရ​လိမ့်မည်​”​ဟု ဆို​၏​။ ဧသော​သည် ဖခင်​၏​စကား​ကို​ကြား​သောအခါ အလွန်​ခါးသီး​စွာ​ခံစား​ရ​လျက် ကျယ်လောင်​စွာ​အော်ဟစ်ငိုကြွေး​ကာ “​အဖေ​၊ အကျွန်ုပ်​ကို​၊ အကျွန်ုပ်​ကို​လည်း ကောင်းချီးပေး​ပါ​”​ဟု ဖခင်​အား​ဆို​လေ​၏​။ ဖခင်​က​လည်း “​သင့်​ညီ​သည် လာ​၍ လိမ်လည်လှည့်ဖြား​ပြီး သင်​၏​ကောင်းချီးမင်္ဂလာ​ကို ယူသွား​ပြီ​”​ဟု ဆို​၏​။ ဧသော​က​လည်း “​သူ့​အမည်​ကို ယာကုပ် ဟု​မှည့်ခေါ်​ထား​သည်​မှာ မှန်​နေ​သည်​မ​ဟုတ်​လော​။ သူ​သည် အကျွန်ုပ်​ကို နှစ်ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ ယခင်က အကျွန်ုပ်​၏​သားဦးအရိုက်အရာ​ကို​ယူသွား​၏​။ ယခု​လည်း အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို​ယူသွား​၏​”​ဟု ဆို​ပြီးလျှင် “​အဖေ အကျွန်ုပ်​အတွက် ကောင်းချီးမင်္ဂလာ​တစ်ပါးမျှ မ​ချန်ထား​ပေး​သလော​”​ဟု ဆို​၏​။