YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 24:48-67

ကမ္ဘာဦးကျမ်း 24:48-67 MSBU

ထို့နောက် အကျွန်ုပ်​သည်​ဦးညွှတ်​၍ ထာဝရဘုရား​ကို​ရှိခိုးကိုးကွယ်​ကာ အကျွန်ုပ်​သခင့်​ညီ​၏​မြေး​ကို သခင့်​သား​အတွက်​ရွေးယူ​ရန် အကျွန်ုပ်​ကို မှန်​သော​လမ်း​ဖြင့်​ပို့ဆောင်​တော်မူ​သော အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​သည်​။ ယခု သင်​တို့​သည် အကျွန်ုပ်​သခင်​အား မေတ္တာ​သစ္စာ​ကို​ပြ​လို​လျှင်​ဖြစ်စေ​၊ မ​ပြ​လို​လျှင်​ဖြစ်စေ​အကျွန်ုပ်​ကို​ပြော​ပါ​။ သို့မှသာ အကျွန်ုပ်​သည် လက်ယာ​ဘက်​ဖြစ်စေ​၊ လက်ဝဲ​ဘက်​ဖြစ်စေ တစ်လမ်းလမ်း​သွား​နိုင်​ပါ​မည်​”​ဟု ပြောဆို​လေ​၏​။ လာဗန်​နှင့်​ဗေသွေလ​တို့​က​လည်း “​ဤ​အမှု​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ အကျွန်ုပ်​တို့​သည် ကောင်း​သည်​၊ မကောင်း​သည် ဟူ၍ သင့်​ကို​မ​ပြော​နိုင်​ပါ​။ ရေဗက္ကာ​သည် သင့်​ရှေ့​၌​ရှိ​၏​။ သူ့​ကို​ခေါ်​သွား​ပါ​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သင့်​သခင်​၏​သား​အတွက် မယား​ဖြစ်​စေ​ပါ​”​ဟု ပြန်ဖြေ​ကြ​၏​။ အာဗြဟံ​၏​အစေအပါး​သည် သူ​တို့​၏​စကား​ကို​ကြား​လျှင် မြေ​မှာ​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို​ရှိခိုး​လေ​၏​။ ထို့နောက် ထို​အစေအပါး​သည် ရွှေ​တန်ဆာ​၊ ငွေ​တန်ဆာ​နှင့် အဝတ်တန်ဆာ​တို့​ကို​ထုတ်​၍ ရေဗက္ကာ​အား ပေး​၏​။ သူ့​အစ်ကို​နှင့် သူ့​မိခင်​အား​လည်း အဖိုးတန်​သော​လက်ဆောင်​များ​ကို ပေး​၏​။ ထို့နောက် ထို​အစေအပါး​နှင့်​သူ့​အဖော်​တို့​သည် စား​သောက်​၍ ညအိပ်နား​ကြ​၏​။ နံနက်အချိန်​တွင် သူ​တို့​ထ​ကြ​သောအခါ ထို​အစေအပါး​က “​အကျွန်ုပ်​ကို အကျွန်ုပ်​သခင်​ထံသို့ ပြန်ခွင့်ပြု​ပါ​”​ဟု ဆို​လေ​၏​။ ရေဗက္ကာ​၏​မိခင်​နှင့်​အစ်ကို​က “​မိန်းကလေး​သည် အကျွန်ုပ်​တို့​နှင့်အတူ ဆယ်​ရက်​ခန့် နေ​ပါစေဦး​။ ထို့နောက်မှ သူ့​ကို​သွား​စေ​မည်​”​ဟု ဆို​၏​။ အစေအပါး​က​လည်း “​ထာဝရဘုရား​သည် အကျွန်ုပ်​၏​ခရီးစဉ်​ကို အောင်မြင်​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​မ​နှောင့်နှေး​ပါရစေ​နှင့်​။ အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။ အကျွန်ုပ်​သခင်​ထံသို့ ပြန်သွား​ပါရစေ​”​ဟု ဆို​၏​။ သူ​တို့​က​လည်း “​မိန်းကလေး​ကို​ခေါ်​၍ သူ့​ဆန္ဒ​ကို မေးကြည့်​ကြ​စို့​”​ဟု ဆို​ပြီးလျှင် ရေဗက္ကာ​ကို​ခေါ်​၍ “​သင်​သည် ဤ​သူ​နှင့်​လိုက်သွား​မည်လော​”​ဟု မေး​ကြ​ရာ သူ​က “​ကျွန်မ​လိုက်သွား​ပါ​မည်​”​ဟု ဆို​၏​။ ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ညီမ​ရေဗက္ကာ​နှင့် သူ​၏​အထိန်း​ကို အာဗြဟံ​၏​အစေအပါး​၊ သူ​၏​လူ​တို့​နှင့်အတူ လွှတ်လိုက်​ကြ​၏​။ သူ​တို့​သည် ရေဗက္ကာ​ကို​ကောင်းချီးပေး​လျက် “​ငါ​တို့​နှမ​၊ သင်​သည် လူ​အထောင်​အသောင်း​တို့​၏​အမိ​ဖြစ်လာ​ပါစေ​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​နိုင်​ပါစေ​”​ဟု ဆို​ကြ​၏​။ ထို့နောက် ရေဗက္ကာ​နှင့် သူ​၏​အစေခံ​မိန်းကလေး​တို့​သည်​ထ​၍ ကုလားအုတ်​တို့​ကို​စီး​လျက် ထို​သူ​၏​နောက်သို့​လိုက်သွား​ကြ​၏​။ ဤသို့ဖြင့် ထို​အစေအပါး​သည် ရေဗက္ကာ​ကို​ခေါ်ဆောင်​၍ ထွက်ခွာ​သွား​လေ​၏​။ ထို​အချိန်​တွင် ဣဇက်​သည် ဗေရလဟဲရော​အရပ်​မှ​လာ​၍ နေဂေ့​အရပ်​၌​နေထိုင်​၏​။ ဣဇက်​သည် ညချမ်းအချိန်​၌ ကွင်းပြင်​သို့ လမ်းလျှောက်​ထွက်သွား​၍ မျှော်ကြည့်​လိုက်​ရာ ကုလားအုတ်​များ​လာ​နေ​သည်​ကို​မြင်​လေ​၏​။ ရေဗက္ကာ​သည်​လည်း မျှော်ကြည့်​၍ ဣဇက်​ကို​မြင်​လျှင် ကုလားအုတ်​အပေါ်​မှ​ဆင်း​ပြီး “​ကျွန်မ​တို့​ကို​ကြိုဆို​ရန် ကွင်းပြင်​၌​လျှောက်လာ​သော ထို​သူ​သည် မည်သူ​နည်း​”​ဟု အစေအပါး​အား​မေး​လေ​၏​။ အစေအပါး​က​လည်း “​သူ​သည် အကျွန်ုပ်​၏​သခင်​ဖြစ်​ပါ​သည်​”​ဟု ပြန်ပြော​လျှင် ရေဗက္ကာ​သည် ခြုံပဝါ​ကို​ယူ​၍ မျက်နှာ​ကို​ဖုံး​လေ​၏​။ အစေအပါး​သည် မိမိ​ပြု​ခဲ့​သော​အရာ​အားလုံး​ကို ဣဇက်​အား ပြောပြ​လေ​၏​။ ထိုအခါ ဣဇက်​သည် ရေဗက္ကာ​ကို မိခင်​စာရာ​၏​တဲ​ထဲသို့​ခေါ်ဆောင်​သွား​၍ သူ​နှင့်​စုံဖက်​သဖြင့် ရေဗက္ကာ​သည် သူ​၏​မယား​ဖြစ်လာ​၏​။ ဣဇက်​သည် ရေဗက္ကာ​ကို​ချစ်​သဖြင့် မိခင်​မ​ရှိ​တော့​သည့်​နောက်တွင် နှစ်သိမ့်မှု​ကို​ရရှိ​၏​။