YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 24:1-27

ကမ္ဘာဦးကျမ်း 24:1-27 MSBU

အာဗြဟံ​သည် အသက်အရွယ်​ကြီးရင့်​လေ​ပြီ​။ ထာဝရဘုရား​သည် အာဗြဟံ​ကို အရာရာ​၌​ကောင်းချီးပေး​တော်မူ​၏​။ အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​အုပ်ထိန်း​ရ​သော​၊ မိမိ​အိမ်​တွင်​အသက်အကြီးဆုံး​ဖြစ်​သော​အစေအပါး​အား “​သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​လော့​။ ကောင်းကင်​နှင့်​မြေကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​အရပ်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ ငါ့​ပြည်​၊ ငါ့​ဆွေမျိုးသားချင်း​ထံသို့​သွား​၍ ငါ့​သား​ဣဇက်​အတွက် မိန်းမ​ကို​ရှာ​ပါ​မည်​ဟု သင့်​အား ငါ​ကျိန်ဆို​စေ​မည်​”​ဟု ဆို​၏​။ အစေအပါး​က​လည်း “​အကယ်၍ မိန်းမ​သည် ဤ​ပြည်​သို့ အကျွန်ုပ်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် သခင်​၏​သား​ကို သခင်​ထွက်လာ​ခဲ့​သော​ပြည်​သို့ အကျွန်ုပ်​ခေါ်သွား​ရ​ပါ​မည်လော​”​ဟု မေးလျှောက်​၏​။ အာဗြဟံ​က​လည်း “​ငါ့​သား​ကို ထို​အရပ်​သို့ မ​ခေါ်သွား​မိ​စေရန် သင်​သတိပြု​လော့​။ ငါ့​ဖခင်​၏​အိမ်​၊ ငါ့​မွေးရပ်​မြေ​မှ ငါ့​ကို​ခေါ်ယူ​၍ ‘​ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​’​ဟု ကျိန်ဆို​ကတိ​ပေး​တော်မူ​သော ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို သင့်​ရှေ့​၌ စေလွှတ်​တော်မူ​မည်​ဖြစ်၍ သင်​သည် ငါ့​သား​အတွက် ထို​အရပ်​မှ မိန်းမ​ကို​ရှာ​ရ​မည်​။ အကယ်၍ မိန်းမ​သည် သင်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် သင်​သည် ငါ​နှင့်​ပြု​သော​ဤ​ကျိန်ဆို​ခြင်း​မှ​ကင်းလွတ်​စေ​။ ငါ့​သား​ကို​ကား ထို​အရပ်​သို့ မ​ခေါ်သွား​ရ​”​ဟု ဆို​၏​။ ထိုအခါ အစေအပါး​သည် မိမိ​သခင်​အာဗြဟံ​၏​ပေါင်​အောက်​၌ လက်​ကို​ထား​ပြီး ဤ​အမှုအရာ​နှင့်​ပတ်သက်၍ ကျိန်ဆို​လေ​၏​။ ထို့နောက် အစေအပါး​သည် မိမိ​သခင်​၏​ကုလားအုတ်​များ​ထဲမှ ကုလားအုတ်​ဆယ်​စီး​ကို​ရွေးယူ​ပြီးလျှင် မိမိ​သခင်​ပိုင်ဆိုင်​သည့်​အဖိုးတန်​ပစ္စည်း​အမျိုးမျိုး​တို့​ကို​ယူဆောင်​လျက် ထ​၍ ထွက်ခွာ​သွား​ရာ မက်ဆိုပိုတေးမီးယား​ပြည်​ရှိ နာခေါ်​နေ​သော​မြို့​သို့​ရောက်​လေ​၏​။ အမျိုးသမီး​များ​ရေခပ်​ဆင်း​ချိန်​ဖြစ်​သည့် နေဝင်​ချိန်​၌ သူ​သည် မြို့​ပြင်​ရှိ​ရေတွင်း​နား​မှာ ကုလားအုတ်​တို့​ကို ဝပ်​စေ​ပြီးလျှင် “​အို အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​၊ ယနေ့ အကျွန်ုပ်​၏​အမှု​ကို အထမြောက်​အောင်မြင်​စေ​၍ အကျွန်ုပ်​၏​သခင်​အာဗြဟံ​အား မေတ္တာကရုဏာ​ကို​ပြ​တော်မူ​ပါ​။ ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် စမ်းရေတွင်း​နားမှာ​ရပ်​လျက်​နေ​ပါ​၏​။ ဤ​မြို့​သမီးပျို​တို့​သည် ရေ​ခပ်​ရန် ထွက်လာ​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​သည် မိန်းကလေး​တစ်​ဦး​အား ‘​သင်​၏​ရေအိုး​ကို​ချ​၍ အကျွန်ုပ်​အား​ရေသောက်​ခွင့်​ပေး​ပါ​’​ဟု ဆို​သောအခါ သူ​က ‘​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​ကို​လည်း ကျွန်မ​ရေတိုက်​ပေး​ပါ​မည်​’​ဟု ဆို​လျှင် ထို​သူ​သည် ကိုယ်တော်​၏​အစေအပါး​ဣဇက်​အတွက် ကိုယ်တော်​ရွေးချယ်​ထား​သော​သူ​ဖြစ်​ပါစေသော​။ ဤသို့​အားဖြင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင်​အား မေတ္တာကရုဏာ​ပြ​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။ ထိုသို့ ဆုတောင်း​၍​မ​ပြီး​မီ ရေဗက္ကာ​သည် မိမိ​ပခုံး​ပေါ်တွင် ရေအိုး​တင်​လျက်​ထွက်လာ​၏​။ သူ​သည် အာဗြဟံ​၏​ညီ​နာခေါ်​နှင့် သူ​၏​မယား​မိလခါ​၏​သား​ဖြစ်​သူ ဗေသွေလ​၏​သမီး​ဖြစ်​၏​။ ထို​မိန်းကလေး​သည် ရုပ်ဆင်းသွင်ပြင်​အလွန်​လှပ​၍ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော အပျိုကညာ​ဖြစ်​၏​။ သူ​သည် စမ်းရေတွင်း​သို့​ဆင်းသွား​၍ ရေဘူး​ကို​ရေ​ဖြည့်​ပြီး ပြန်တက်လာ​၏​။ ထို​အစေအပါး​သည် မိန်းကလေး​နှင့်​တွေ့ဆုံ​ရန်​ပြေးသွား​၍ “​သင်​၏​ရေအိုး​မှ ရေ​အနည်းငယ်​သောက်​ပါရစေ​”​ဟု ဆို​လျှင် မိန်းကလေး​က “​ကျွန်မ​၏​သခင်​၊ သောက်​ပါ​”​ဟု ဆို​ပြီးလျှင် ရေအိုး​ကို မိမိ​လက်​ပေါ်သို့ အလျင်အမြန်​ချ​၍ သူ့​ကို​ရေတိုက်​လေ​၏​။ သူ့​ကို​ရေတိုက်​ပြီး​သောအခါ “​သင်​၏​ကုလားအုတ်​တို့​လည်း ရေ​အဝသောက်​ပြီး​သည်​အထိ ကျွန်မ​ရေခပ်​ပေး​ပါ​မည်​”​ဟု ဆို​လျက် မိမိ​ရေအိုး​ထဲမှ​ရေ​ကို ရေစားခွက်​ထဲသို့ အလျင်အမြန်​လောင်းထည့်​ပြီးလျှင် တစ်ဖန်​ရေခပ်​ရန် ရေတွင်း​သို့​ပြေးသွား​၍ ကုလားအုတ်​အားလုံး​အတွက် ရေခပ်​ပေး​၏​။ ထို​သူ​သည် မိမိ​ခရီးစဉ်​ကို ထာဝရဘုရား​အောင်မြင်​ခွင့်​ပေး​မည်​၊ မ​ပေး​မည်​ကို​သိရှိ​ရန် မိန်းကလေး​ကို တိတ်ဆိတ်​စွာ​စောင့်ကြည့်​နေ​၏​။ ကုလားအုတ်​တို့​ရေသောက်​ပြီး​သောအခါ သူ​သည် အလေးချိန်​တစ်​ဗေကာ​ရှိ​သော​ရွှေ​နှာဆွဲ​နှင့် မိန်းကလေး​လက်​၌​ဝတ်ဆင်​ရန် အလေးချိန်​ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​လက်ကောက်​တစ်စုံ​ကို ထုတ်ပေး​၍ “​သင်​သည် မည်သူ​၏​သမီး​ဖြစ်​သနည်း​။ အကျွန်ုပ်​ကို​ပြော​ပါ​။ သင့်​ဖခင်​၏​အိမ်​၌ ညအိပ်နား​ရန် အကျွန်ုပ်​တို့​အတွက်​နေရာ​ရှိ​သလော​”​ဟု မေး​လေ​၏​။ မိန်းကလေး​က​လည်း “​ကျွန်မ​သည် နာခေါ်​အတွက် မိလခါ​မွေးဖွား​သော​သား​ဗေသွေလ​၏​သမီး​ဖြစ်​ပါ​သည်​”​ဟု ဖြေ​ပြီးလျှင် “​ကျွန်မ​တို့​၌ ကောက်ရိုး​နှင့် အစာ​လည်း များစွာ​ရှိ​ပါ​၏​။ ညအိပ်နား​ရန် နေရာ​လည်း​ရှိ​ပါ​၏​”​ဟု ဆို​လေ​၏​။ ထိုအခါ ထို​သူ​သည် ဦးညွှတ်​၍ ထာဝရဘုရား​ကို​ပျပ်ဝပ်ရှိခိုး​ကာ “​အကျွန်ုပ်​သခင်​အာဗြဟံ​ထံမှ မေတ္တာကရုဏာ​တော်​နှင့်​သစ္စာ​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​သော အကျွန်ုပ်​သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကျွန်ုပ်​သခင်​၏​ဆွေမျိုးသားချင်း​အိမ်​သို့ သွား​သော​လမ်းခရီး​၌ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။