ထိုအခါ အောင်ပွဲရဘုရင်တို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့မှဥစ္စာရှိသမျှ၊ အစားအစာရှိသမျှတို့ကိုသိမ်းယူ၍ ထွက်သွားကြ၏။ သောဒုံမြို့၌နေထိုင်သော အာဗြံ၏တူလောတနှင့် သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍ ထွက်သွားကြ၏။ လွတ်မြောက်လာသူတစ်ယောက်သည် အာမောရိလူမျိုးမံရေပိုင်သည့်ဝက်သစ်ချတောအနီး၌နေထိုင်သော ဟေဗြဲလူမျိုး အာဗြံထံသို့လာ၍ သတင်းပို့လေ၏။ မံရေသည် ဧရှကောလနှင့် အာနေရတို့၏အစ်ကိုဖြစ်ပြီး သူတို့သည် အာဗြံနှင့်မဟာမိတ်ဖွဲ့ထားသောသူများဖြစ်ကြ၏။ အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။ သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။ ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။ ခေဒေါရလောမာမင်းကြီးမှစ၍ သူ၏မဟာမိတ်ဘုရင်တို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ သောဒုံဘုရင်သည် သူ့ကိုကြိုဆိုရန် ဘုရင့်ချိုင့်ဝှမ်းတည်းဟူသော ရှာဗက်ချိုင့်ဝှမ်းသို့ ထွက်လာ၏။ ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။ သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။ သောဒုံဘုရင်က “လူတို့ကို ငါ့အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား သင့်အဖို့ယူပါလော့”ဟု အာဗြံအားဆိုလေ၏။ သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။ ‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။ ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။
ကမ္ဘာဦးကျမ်း 14 ကိုဖတ်ပါ။
နားထောင်ပါ။ ကမ္ဘာဦးကျမ်း 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 14:11-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို