YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 5:13-26

ဂလာတိဩဝါဒစာ 5:13-26 MSBU

ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။ အကြောင်းမူကား ပညတ်​တရား​အားလုံး​သည် “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်”​ဟူသော​စကား​တစ်​ခွန်း​တည်း​၌​ပြည့်စုံ​၏။ သို့သော် သင်​တို့​သည် အချင်းချင်း​ကိုက်ဖြတ်​ဝါးမျို​ကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည်​ကို စိုးရိမ်​ရ​သဖြင့် သတိပြု​ကြ​လော့။ ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။ သို့ရာတွင် ဝိညာဉ်​တော်​၏​ရှေ့ဆောင်​လမ်းပြ​မှု​ကို​ခံရ​လျှင် သင်​တို့​သည် ပညတ်​တရား​အောက်၌ ရှိ​ကြ​သည်​မ​ဟုတ်။ သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊ ရုပ်တု​ကိုးကွယ်​ခြင်း၊ ပြုစား​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်းကွဲ​ခြင်း၊ မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။ ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။ ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။ ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။ စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။