YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 20:1-17

ထွက်မြောက်ရာကျမ်း 20:1-17 MSBU

ဘုရားသခင်​မိန့်​တော်မူ​သော​စကား​အလုံးစုံ​ကား ဤသို့​တည်း​။ “​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။ အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။ ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊ ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်​အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။ ဥပုသ်နေ့​ကို​သန့်ရှင်း​အောင်​စောင့်ထိန်း​ရန် အောက်မေ့​လော့​။ သင်​၏​အလုပ်​ရှိသမျှ​ကို ခြောက်​ရက်​ပတ်လုံး အားထုတ်​လုပ်ဆောင်​လော့​။ သတ္တမ​နေ့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဥပုသ်နေ့ ဖြစ်​၏​။ ထို​နေ့​၌ သင်​မှစ၍ သင်​၏​သား​သမီး​၊ သင်​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ သင်​၏​တိရစ္ဆာန်​နှင့် သင့်​မြို့​အတွင်း​ရှိ​တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ခြောက်​ရက်​ပတ်လုံး​ဖန်ဆင်း​၍ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​တော်မူ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ဥပုသ်နေ့​ကို ကောင်းချီးပေး​၍ သန့်ရှင်း​စေ​တော်မူ​၏​။ သင်​၏​မိဘ​ကို​ရိုသေ​လော့​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေးသနား​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​လိမ့်မည်​။ လူ​မ​သတ်​ရ​။ အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​မ​ကျူးလွန်​ရ​။ မ​ခိုး​ရ​။ သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။ သင့်​အိမ်နီးချင်း​၏​အိမ်​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​မယား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တပ်မက်​ရ​။​”

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။