YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 17:8-16

ထွက်မြောက်ရာကျမ်း 17:8-16 MSBU

ထို့နောက် အာမလက်​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရေဖိဒိမ်​အရပ်​၌ လာ​၍​တိုက်ခိုက်​ကြ​၏​။ ထို့ကြောင့် မောရှေ​က ယောရှု​အား “​ငါ​တို့​အတွက် လူ​တို့​ကို​ရွေးချယ်​ပြီးလျှင် အာမလက်​လူမျိုး​တို့​ကို ထွက်​၍​တိုက်​လော့​။ မနက်ဖြန်​၌ ငါ​သည် ဘုရားသခင်​၏​တောင်ဝှေး​ကို ကိုင်​လျက် တောင်ကုန်း​ထိပ်​တွင်​ရပ်​နေ​မည်​”​ဟု ဆို​လေ​၏​။ ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။ မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။ မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။ ထို့ကြောင့် ယောရှု​သည် အာမလက်​နှင့်​သူ​၏​လူ​တို့​ကို ဓား​ဖြင့်​အနိုင်ရ​လေ​၏​။ ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​အာမလက်​လူမျိုး​တို့​ကို ကောင်းကင်​အောက်​တွင် အမှတ်ရစရာ​မျှ​မ​ကျန်​အောင် ငါ​ဖျောက်ဖျက်​ပစ်​မည်​ဖြစ်၍ ဤ​အမှု​ကို အောက်မေ့ဖွယ်​အဖြစ် ကျမ်းစာလိပ်​၌ ရေးမှတ်​ထား​ပြီး ယောရှု​ရှေ့​၌ ဖတ်ပြ​လော့​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း ယဇ်ပလ္လင်​ကို​တည်​၍ ၎င်း​၏​အမည်​ကို “​ထာဝရဘုရား​သည် ငါ​၏​အောင်လံ​ဖြစ်​တော်မူ​၏​”​ဟု ခေါ်​၏​။ မောရှေ​က “​လက်​တစ်ဖက်​သည် ထာဝရဘုရား​၏​ပလ္လင်​တော်​အပေါ် ဆန့်ထား​လျက်​ရှိ​သည်​ဖြစ်၍ ထာဝရဘုရား​သည် အာမလက်​လူ​တို့​ကို မျိုးဆက်အဆက်ဆက် စစ်တိုက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။