YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 9:20-32

ဧသတာဝတ္ထု 9:20-32 MSBU

မော်ဒကဲ​သည် ထို​အဖြစ်အပျက်​တို့​ကို မှတ်တမ်း​တင်​ထား​၏​။ ထို့ပြင် အာရွှေရု​မင်းကြီး​ပိုင်​နယ်မြေ​တစ်ဝန်းလုံး ရပ်နီး​ရပ်ဝေး​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ စာရေး​ပေးပို့​လိုက်​၏​။ ထို​စာ​တွင် နှစ်စဉ်နှစ်တိုင်း အာဒါ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့​နှင့် တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲတော်​ကျင်းပ​ရန် ပြဋ္ဌာန်း​ထား​၏​။ ထို​နေ့ရက်​များ​သည် ရန်သူ​တို့​လက်​မှ ဂျူး​လူမျိုး​တို့ လွတ်မြောက်​သော​နေ့​ဖြစ်​၏​။ ထို​လ​သည် ဝမ်းနည်း​ရာ​မှ ဝမ်းမြောက်​ရ​သော​လ​၊ ငိုကြွေးမြည်တမ်း​ရာ​မှ ပျော်ပွဲ​ကျင်းပ​ရ​သော​လ ဖြစ်​၏​။ ထို့ကြောင့် ထို​နေ့​တို့​၌ စားသောက်ပွဲ​ကို ပျော်ရွှင်​စွာ​ကျင်းပ​ရ​မည်​။ အိမ်နီးချင်း​တစ်ဦး​ကို​တစ်ဦး စားသောက်ဖွယ်​ရာ​များ​ကို ပေးကမ်း​ဝေငှ​ရ​မည်​။ နွမ်းပါး​သူ​တို့​ကို ပေးကမ်း​စွန့်ကြဲ​ရ​မည်​ဟု ပါရှိ​၏​။ ထိုသို့ ဂျူး​လူမျိုး​တို့ စတင်​ကျင်းပ​သည့်​ပွဲ​နှင့်​ပတ်သက်၍ မော်ဒကဲ​ရေးသား​ထား​သည့်​အတိုင်း ဆက်လက်​ကျင်းပ​ရန် သဘောတူ​ကြ​၏​။ အကြောင်းမူကား ဂျူး​တစ်မျိုးသားလုံး​၏​ရန်သူ အာဂတ်​လူမျိုး ဟမ္မေဒါသ​၏​သား​ဟာမန်​သည် ဂျူး​လူမျိုး​တို့​ကို​ဖျက်ဆီး​ရန် ကြံစည်​ခဲ့​၏​။ ဂျူး​တစ်မျိုးသားလုံး ပျောက်ကွယ်​သွား​အောင် ဖျက်ဆီး​ရ​မည့်​နေ့ရက်​ကို ပုရ​မဲ​ချ​ဆုံးဖြတ်​ခဲ့​၏​။ သို့သော် ထို​သတင်း ဘုရင့်​ထံ​ပေါက်ကြား​သောအခါ ရှင်ဘုရင်​က ဂျူး​လူမျိုး​တို့​အား ဖျက်ဆီး​ရန်​ကြံစည်​သော ဟာမန်​၏​ယုတ်မာ​သော​အကြံအစည်​ကို သူ့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​ဟူ၍​လည်းကောင်း​၊ သူ​နှင့်​သူ့​သား​များ​ကို သစ်တိုင်​၌ ဆွဲထား​ရ​မည်​ဟူ၍​လည်းကောင်း အမိန့်စာ​ထုတ်ပြန်​၏​။ ဂျူး​လူမျိုး​တို့​သည် ပုရ​ဟူသော​အမည်​ကို​အစွဲပြု​၍ ထို​နေ့ရက်​တို့​ကို ပုရိမ်​ဟု​ခေါ်ဝေါ်​ကြ​၏​။ အမိန့်စာ​တွင်​ပါ​သော​အကြောင်းအရာ​များ​၊ သူ​တို့​ကိုယ်တိုင် ကြုံတွေ့​သိမြင်​ခဲ့​ရ​သော ဤ​အဖြစ်အပျက်​များ​ကြောင့် ဂျူး​လူမျိုး​တို့​ကိုယ်တိုင်​မှစ၍ သားစဉ်မြေးဆက်​အပါအဝင် သူ​တို့​နှင့်​ပူးပေါင်း​လာ​သူ​အပေါင်း​တို့​သည် ထို​စာ​ပါ​သတ်မှတ်​ထား​သော​အချိန်​ရောက်​တိုင်း ထို​နေ့ရက်​နှစ်​ရက်​တွင် ပွဲတော်​ကို မပျက်မကွက် နှစ်စဉ်​ကျင်းပ​ကြ​မည်​ဟု အတည်ပြု​သဘောတူ​ခဲ့​ကြ​၏​။ ဤ​ပွဲ​နေ့​များ​ကို မြို့ရွာ​တိုင်း​၊ ဒေသ​တိုင်း​ရှိ မျိုးနွယ်စု​အားလုံး​၊ မျိုးဆက်​အားလုံး အစဉ်​အမှတ်ရ​၍​ကျင်းပ​ရ​မည်​။ ဤ​ပုရိမ်​ပွဲ​နေ့​တို့​သည် ဂျူး​လူမျိုး​တို့​တွင် မ​ပပျောက်​စေ​ရ​။ ဤ​အမှတ်ရစရာ​သည် သူ​တို့​၏​သားစဉ်မြေးဆက်​တိုင်အောင် မ​ပျောက်ပျက်​သွား​စေ​ရ​။ ထို့နောက် အဘိဟဲလ​၏​သမီး မိဖုရား​ဧသတာ​နှင့် ဂျူး​လူမျိုး​မော်ဒကဲ​တို့​သည် ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ ဤ​ဒုတိယ​စာ​ကို အမိန့်အာဏာ​အပြည့်​နှင့် အတည်ပြု​ရေးသား​ပြီးလျှင် မော်ဒကဲ​သည် အာရွှေရု​မင်းကြီး​ပိုင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​ထံသို့ မေတ္တာ​စကား​နှင့် သစ္စာစကား​ဖြင့် စာ​ပေးပို့​လိုက်​၏​။ ထို​စာ​သည် ဂျူး​လူမျိုး​မော်ဒကဲ​နှင့်​မိဖုရား​ဧသတာ​တို့ သတ်မှတ်​ပေး​ထား​သည့်​အတိုင်း​၊ သူ​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အတွက် ဤ​နေ့​ကို အစာရှောင်​မြည်တမ်း​ရာ​နေ့​အဖြစ် သတ်မှတ်​ပေး​ထား​သည့်​အတိုင်း ပုရိမ်​ပွဲ​နေ့​ကို သတ်မှတ်​အတည်ပြု​ပေး​သော​စာ​ဖြစ်​၏​။ ဤ​ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ​အကြောင်းအရာ​များ​ကို ဧသတာ​၏​အမိန့်​အရ အတည်ပြု​၍ မှတ်တမ်း​တွင် ရေးမှတ်​ထား​လေ​၏​။