YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 7:1-6

ဧသတာဝတ္ထု 7:1-6 MSBU

ဤသို့ဖြင့် ရှင်ဘုရင်​နှင့် ဟာမန်​သည် မိဖုရား​ဧသတာ​၏​စားသောက်ပွဲ​သို့ ရောက်လာ​ကြ​၏​။ ဒုတိယ​နေ့ စပျစ်ဝိုင်​သောက်​ချိန်​တွင်​လည်း ရှင်ဘုရင်​က မိဖုရား​ဧသတာ​အား “​မိဖုရား​ဧသတာ​၊ သင်​ဘာ​အလိုရှိ​သနည်း​။ သင့်​ကို ငါ​ပေး​မည်​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ သင်​တောင်း​သမျှ နိုင်ငံ​တော်​တစ်ဝက်​အထိ သင့်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​၏​။ မိဖုရား​ဧသတာ​က​လည်း “​အို အရှင်မင်းကြီး​၊ ကျွန်တော်မျိုးမ​ကို မျက်နှာသာ​ပေး​မည်​ဆိုလျှင်​၊ အရှင်မင်းကြီး စေတနာစိတ်​ရှိ​မည်​ဆိုလျှင် ကျွန်တော်မျိုးမ​၏​အသက်​ကို ချမ်းသာပေး​စေ​လို​ပါ​၏​။ ကျွန်တော်မျိုးမ​၏​လူမျိုး​တို့ အသက်​ကို​လည်း ချမ်းသာပေး​မည့်​အကြောင်း တောင်းဆို​လို​ပါ​၏​။ ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။ ထိုအခါ အာရွှေရု​မင်းကြီး​က မိဖုရား​ဧသတာ​အား “​ထိုသို့​ပြု​ရန် စိတ်ရဲတင်း​သူ​ကား အဘယ်သူ​နည်း​။ အဘယ်မှာ နေ​သနည်း​”​ဟု မေး​လျှင် ဧသတာ​က​လည်း “​ကျွန်တော်မျိုးမ​ကို ရန်ပြု​သော​ရန်သူ​ကား ဤ​လူ​ယုတ်မာ​ဟာမန်​ဖြစ်​ပါ​သည်​”​ဟု ဆို​လျှင် ဟာမန်​သည် ရှင်ဘုရင်​နှင့် မိဖုရား​ရှေ့​တွင် ကြောက်လန့်​တုန်လှုပ်​လေ​၏​။