YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 3:1-15

ဒေသနာကျမ်း 3:1-15 MSBU

ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။ မွေးဖွား​ရ​သော​အချိန်​နှင့် သေဆုံး​ရ​သော​အချိန်​ရှိ​၏​။ စိုက်ပျိုး​ရ​သော​အချိန်​နှင့် စိုက်ပျိုး​ထား​သော​အရာ​ကို မြေလှန်​ဖျက်ဆီး​ရ​သော​အချိန်​ရှိ​၏​။ သတ်​ရ​သော​အချိန်​နှင့် ကျန်းမာ​စေ​ရ​သော​အချိန်​ရှိ​၏​။ ဖြိုဖျက်​ရ​သော​အချိန်​နှင့် တည်ဆောက်​ရ​သော​အချိန်​ရှိ​၏​။ ငိုကြွေး​ရ​သော​အချိန်​နှင့် ရယ်မော​ရ​သော​အချိန်​ရှိ​၏​။ မြည်တမ်း​ရ​သော​အချိန်​နှင့် ကခုန်​ရ​သော​အချိန်​ရှိ​၏​။ ကျောက်​များ​ကို​လွှင့်ပစ်​ရ​သော​အချိန်​နှင့် ကျောက်​များ​ကို​စု​ရ​သော​အချိန်​ရှိ​၏​။ ပွေ့ဖက်​ရ​သော​အချိန်​နှင့် ပွေ့ဖက်​ခြင်း​ကို​ရှောင်ကြဉ်​ရ​သော​အချိန်​ရှိ​၏​။ ရှာဖွေ​ရ​သော​အချိန်​နှင့် ဆုံးရှုံး​ရ​သော​အချိန်​ရှိ​၏​။ ထိန်းသိမ်း​ရ​သော​အချိန်​နှင့် လွှင့်ပစ်​ရ​သော​အချိန်​ရှိ​၏​။ ဆုတ်ဖြဲ​ရ​သော​အချိန်​နှင့် ချုပ်လုပ်​ရ​သော​အချိန်​ရှိ​၏​။ တိတ်တဆိတ်​နေ​ရ​သော​အချိန်​နှင့် စကားပြော​ရ​သော​အချိန်​ရှိ​၏​။ ချစ်​ရ​သော​အချိန်​နှင့် မုန်း​ရ​သော​အချိန်​ရှိ​၏​။ စစ်တိုက်​ရ​သော​အချိန်​နှင့် စစ်ပြေငြိမ်း​ရ​သော​အချိန်​ရှိ​၏​။ အလုပ်​လုပ်​သော​သူ​သည် မိမိ​၏​ကြိုးပမ်းအားထုတ်မှု​မှ မည်သည့်​အကျိုး​ကို​ရရှိ​သနည်း​။ လူသား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် အလုပ်​ကို ငါ​တွေ့မြင်​၏​။ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို သူ့​အချိန်​နှင့်​သူ​လှပ​အောင်​ပြင်ဆင်​တော်မူ​ပြီး လူ​၏​စိတ်နှလုံး​ထဲ၌ ထာဝရ​ကာလ​ကို​လည်း ထည့်သွင်း​ထား​တော်မူ​၏​။ သို့သော် အစ​မှ​အဆုံး​အထိ​ဘုရားသခင်​ပြု​တော်မူ​သော​အမှု​ကို လူ​သည် ရှာဖွေ​၍​မ​တွေ့​နိုင်​။ လူ​တို့​သည် အသက်ရှင်​စဉ်တွင် ဝမ်းမြောက်​လျက်​၊ ကောင်း​သော​အမှု​ကို​ပြု​လျက်​နေ​ခြင်း​မှတစ်ပါး သူ​တို့​အတွက် အခြား​ကောင်း​သော​အရာ​မ​ရှိ​ကြောင်း ငါ​သိ​၏​။ လူ​တိုင်း စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ်​၌ ကျေနပ်အားရ​လျက်​နေ​ခြင်း​သည်​လည်း ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်ကြောင်း ငါ​သိ​၏​။ ဘုရားသခင်​ပြု​တော်မူ​သမျှ​အားလုံး​သည် ထာဝရ​တည်​ကြောင်း​ကို​လည်း ငါ​သိ​၏​။ ၎င်း​အပေါ်​၌ မည်သည့်​အရာ​ကို​မျှ​ဖြည့်စွက်​၍​မ​ရ​နိုင်​သကဲ့သို့ ၎င်း​အထဲ​မှ မည်သည့်​အရာ​ကို​မျှ​နုတ်ယူ​၍​မ​ရ​နိုင်​။ လူ​တို့​သည် ရှေ့​တော်​၌​ကြောက်ရွံ့​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ထိုသို့​ပြု​တော်မူ​၏​။ ယခု​ဖြစ်​နေ​သော​အရာ​သည် ဖြစ်ပြီး​သော​အရာ​ဖြစ်​၏​။ နောင်​ဖြစ်​မည့်​အရာ​သည်​လည်း ဖြစ်ပြီး​သော​အရာ​ဖြစ်​၏​။ ဘုရားသခင်​သည် လွန်ခဲ့ပြီး​သော​အရာ​ကို​လည်း ပြန်လည်​ရှာဖွေ​တော်မူ​၏​။

​ဒေသနာကျမ်း 3:1-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။