YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 3:8-17

ကောလောသဲဩဝါဒစာ 3:8-17 MSBU

ယခု​မူကား သင်​တို့​သည် အမျက်ထွက်​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ မလိုတမာ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်ညမ်း​ရိုင်းစိုင်း​သော​စကား စသည့်​အမှု​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။ အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ပုံသဏ္ဌာန်​နှင့်အညီ စစ်မှန်​သော​အသိပညာ​အားဖြင့် အသစ်​ပြုပြင်​ခြင်း​ခံရ​သော​လူ​သစ်​ကို ဝတ်ဆင်​ကြ​ပြီ​ဖြစ်​၏။ ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။ ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။ အချင်းချင်း​သည်းခံ​၍ တစ်​ဦး​အပေါ်​တစ်​ဦး​အပြစ်တင်​စရာ​ရှိ​လျှင် သခင်​ဘုရား​သည် သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။ ဤ​အရာ​အားလုံး​တို့​အပေါ်၌ စုံလင်​ခြင်း​၏​နှောင်ကြိုး​ဖြစ်​သော ချစ်​ခြင်း​မေတ္တာ​ကို ဝတ်ဆင်​ကြ​လော့။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​၏​ငြိမ်သက်​ခြင်း​ကို အုပ်စိုး​စေ​ကြ​လော့။ အကြောင်းမူကား သင်​တို့​သည် ဤ​ငြိမ်သက်​ခြင်း​အတွက် ကိုယ်ခန္ဓာ​တစ်​ခု​တည်း​ထဲသို့ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ ကျေးဇူး​သိ​တတ်​သော​စိတ်​ရှိ​ကြ​လော့။ ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။ သင်​တို့​ပြု​သမျှ​သော​အရာ​တို့​ကို​လည်း ပြောဆို​မှု​၌​ဖြစ်စေ၊ လုပ်ဆောင်​မှု​၌​ဖြစ်စေ အရာ​ခပ်သိမ်း​တို့​ကို သခင်​ယေရှု​၏​နာမ​တော်​၌​ပြု​လျက် ကိုယ်တော်​အားဖြင့် ခမည်းတော်​ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။