YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 3:5-15

ကောလောသဲဩဝါဒစာ 3:5-15 MSBU

ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။ ထို​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ သင်​တို့​သည်​လည်း ယခင်​က ထို​အရာ​တို့​၌ အသက်ရှင်​ကြ​စဉ် ထို​အရာ​တို့​ထဲတွင် ကျင်လည်​ခဲ့​ကြ​၏။ ယခု​မူကား သင်​တို့​သည် အမျက်ထွက်​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ မလိုတမာ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်ညမ်း​ရိုင်းစိုင်း​သော​စကား စသည့်​အမှု​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။ အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ပုံသဏ္ဌာန်​နှင့်အညီ စစ်မှန်​သော​အသိပညာ​အားဖြင့် အသစ်​ပြုပြင်​ခြင်း​ခံရ​သော​လူ​သစ်​ကို ဝတ်ဆင်​ကြ​ပြီ​ဖြစ်​၏။ ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။ ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။ အချင်းချင်း​သည်းခံ​၍ တစ်​ဦး​အပေါ်​တစ်​ဦး​အပြစ်တင်​စရာ​ရှိ​လျှင် သခင်​ဘုရား​သည် သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။ ဤ​အရာ​အားလုံး​တို့​အပေါ်၌ စုံလင်​ခြင်း​၏​နှောင်ကြိုး​ဖြစ်​သော ချစ်​ခြင်း​မေတ္တာ​ကို ဝတ်ဆင်​ကြ​လော့။ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​၏​ငြိမ်သက်​ခြင်း​ကို အုပ်စိုး​စေ​ကြ​လော့။ အကြောင်းမူကား သင်​တို့​သည် ဤ​ငြိမ်သက်​ခြင်း​အတွက် ကိုယ်ခန္ဓာ​တစ်​ခု​တည်း​ထဲသို့ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ ကျေးဇူး​သိ​တတ်​သော​စိတ်​ရှိ​ကြ​လော့။

​ကောလောသဲဩဝါဒစာ 3:5-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။