YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 5:1-27

အာမုတ်အနာဂတ္တိကျမ်း 5:1-27 MSBU

အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​အကြောင်း​ကို ငါ​ငိုချင်းဖွဲ့​သီဆို​မည်​။ ဤ​အကြောင်း​ကို သင်​တို့ နားထောင်​ကြ​လော့​။ အစ္စရေး​အပျိုကညာ​သည် ပြန်​မ​ထ​နိုင်​အောင် လဲကျ​လေ​ပြီ​။ နေရင်းပြည်​တွင် စွန့်ပစ်​ခြင်း​ခံရ​ပြီ​။ သူ့​ကို​ထူမ​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ အကြောင်းမူကား ဘုရားရှင်​ထာဝရဘုရား​က “အစ္စရေး​အမျိုးအနွယ်​တွင် မြို့​တစ်​မြို့​မှ လူ​တစ်ထောင်​ချီတက်​လျှင် လူ​တစ်ရာ​သာ ကျန်​မည်​။ လူ​တစ်ရာ​ချီတက်​လျှင် လူ​ဆယ်​ယောက်​သာ ကျန်​မည်”​ဟု မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က အစ္စရေး​အမျိုးအနွယ်​အား “အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ငါ့​ကို​ရှာ​ကြ​လော့​။ ဗေသလ​မြို့​ကို မ​ရှာ​ကြ​နှင့်​။ ဂိလဂါလ​မြို့​သို့ မ​သွား​ကြ​နှင့်​။ ဗေရရှေဘ​မြို့​သို့ ဖြတ်သန်းသွားလာ​ခြင်း မ​ပြု​ကြ​နှင့်​။ အကြောင်းမူကား ဂိလဂါလ​မြို့​သည် အမှန်ပင် သိမ်းပိုက်​ခံရ​မည်​။ ဗေသလ​မြို့​သည် ဘာမျှ​မ​ဟုတ်​သော​မြို့​ဖြစ်​မည်​။ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ သို့မဟုတ်လျှင် ယောသပ်​အမျိုးအနွယ်​ကို ရုတ်ချည်း​မီး​လောင်​၍ ငြှိမ်းသတ်​မည့်​သူ​မ​ရှိ​ဘဲ ဗေသလ​မြို့​ကို ဝါးမျို​လိမ့်မည်​။ သင်​တို့​သည် တရားမျှတမှု​ကို ခါးသီး​စေ​၍ ဖြောင့်မတ်​ခြင်း​ကို မြေ​ပေါ်​ချထား​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏​။ ခုနစ်စင်ကြယ်​နှင့် သရဝဏ်နက္ခတ်​တို့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၊ သေမင်းအရိပ်​ကို နံနက်အလင်း​ဖြစ်စေ​သော​အရှင်​၊ နေ့​ကို ည​အမှောင်​ဖြစ်စေ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး ထို​ရေ​တို့​ကို မြေ​မျက်နှာပြင်​ပေါ်​လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။ ထို​အရှင်​သည် အားကြီး​သော​သူ​ကို ရုတ်ချည်း​ဖျက်ဆီး​သဖြင့် ခံတပ်​မြို့​သည် ပျက်စီး​သွား​ရ​လိမ့်မည်​။ သူ​တို့​သည် မြို့​တံခါး​ရှိ ဆုံးမ​ပေး​တတ်​သော​သူ​ကို မုန်း​၍ အမှန်တရား​ပြောဆို​သူ​အား စက်ဆုပ်ရွံရှာ​ကြ​၏​။ သင်​တို့​သည် ဆင်းရဲသား​ကို ဖိနှိပ်​၍ သူ့​ထံမှ ဂျုံစပါး​အခွန်အတုတ်​ကို တောင်းခံ​ကြ​၏​။ ထို့ကြောင့် ကျောက်ဆစ်​အိမ်​များ​ကို ဆောက်​သော်လည်း ထို​အိမ်​များ​တွင် သင်​တို့​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​များ​ကောင်းကောင်းမွန်မွန်​စိုက်ပျိုး​သော်လည်း ထို​ခြံ​မှ​ထွက်​သော​စပျစ်ဝိုင်​ကို သောက်​ရ​မည်​မ​ဟုတ်​။ သင်​တို့​သည် အပြစ်​များစွာ​ကျူးလွန်​ပြီး အပြစ်​ကြီးလေး​ကြောင်း​ကို ငါ​သိ​၏​။ ဖြောင့်မတ်​သော​သူ​ကို ညှဉ်းဆဲ​ပြီး လာဘ်စား​၏​။ နွမ်းပါး​သူ​တို့​ကို​လည်း မြို့​တံခါးဝ​တွင် မတရားစီရင်​ကြ​၏​။ ဤ​ကာလ​သည် ဆိုးညစ်​သော​ကာလ​ဖြစ်​သောကြောင့် ပညာသတိ​ရှိ​သူ​သည် နှုတ်ဆိတ်​နေ​လိမ့်မည်​။ သင်​တို့ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း မကောင်းမှု​ကို​မ​ရှာ​၊ ကောင်းမှု​ကို​ရှာ​လော့​။ သို့ပြုလျှင် သင်​တို့​ဆို​သည့်​အတိုင်း ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ မကောင်းမှု​ကို မုန်း​၍ ကောင်းမှု​ကို မြတ်နိုး​လော့​။ မြို့​တံခါး​တွင် တရားမျှတမှု ရှိ​စေ​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​ယောသပ်​အမျိုး​ကို သနား​ကောင်း သနား​တော်မူ​လိမ့်မည်​။ ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​လမ်းဆုံလမ်းခွ​၌ ငိုကြွေး​ကြ​လိမ့်မည်​။ လူစည်ကား​ရာ​နေရာ​ရှိသမျှ​၌ ‘​အလိုလေး​၊ အလိုလေး​’​ဟု အော်ဟစ်​ကြ​လိမ့်မည်​။ ငိုကြွေးမြည်တမ်း​ရန် လယ်သမား​တို့​ကို ခေါ်​ကြ​လိမ့်မည်​။ ငိုချင်းချ​ရန် ငိုချင်းသည်​တို့​ကို ခေါ်​ကြ​လိမ့်မည်​။ စပျစ်ခြံ​ရှိသမျှ​တို့​၌​လည်း ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​အလယ်​၌ ဖြတ်သွား​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​၏​နေ့​တော်​ကို စောင့်မျှော်​သော​သူ​တို့​သည် အမင်္ဂလာ ရှိ​ကြ​၏​။ ထာဝရဘုရား​၏​နေ့​တော်​ကို အဘယ်ကြောင့် သင်​တို့ စောင့်မျှော်​သနည်း​။ ထို​နေ့​သည် အလင်း​မ​ဟုတ်​၊ အမှောင် ဖြစ်​လိမ့်မည်​။ လူ​သည် ခြင်္သေ့​ထံ​မှ​ပြေးလွတ်​သော်လည်း ဝက်ဝံ​နှင့် ပက်ပင်းတိုး​သကဲ့သို့​လည်းကောင်း​၊ အိမ်​ထဲသို့​ဝင်​၍ နံရံ​ကို လက်​နှင့်​ထောက်​လိုက်​စဉ် မြွေ​ကိုက်​ခံရ​သကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​၏​နေ့​တော်​သည် အလင်း​မ​ရှိ​၊ အမှောင်ကျ​သော​နေ့ ဖြစ်​မည်​မ​ဟုတ်​လော​။ လင်းရောင်ခြည်​မ​ရှိ​၊ မှောင်ပိန်း​သော​နေ့ ဖြစ်​မည်​မ​ဟုတ်​လော​။ “သင်​တို့​ကျင်းပ​သော​ပွဲ​များ​ကို ငါ​မုန်း​၏​။ ငါ​ရွံရှာ​၏​။ သင်​တို့​ပြု​သော​ဓမ္မစည်းဝေးပွဲ​များ​ကို​လည်း ငါ​မ​နှစ်သက်​။ သင်​တို့​ပူဇော်​သော မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဆူဖြိုး​သော​ယဇ်ကောင်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လျှင်​လည်း ငါ​အရေးစိုက်​မည်​မ​ဟုတ်​။ သင်​၏​သီချင်း​သံ​များ​ကို ငါ့​ထံမှ ဖယ်ရှား​လော့​။ သင်​၏​စောင်း​သံ​ကို​လည်း ငါ​နား​မ​ထောင်​လို​။ တရားမျှတ​ခြင်း​ကို မြစ်ရေ​သဖွယ် စီးဆင်း​စေ​လော့​။ ဖြောင့်မတ်​ခြင်း​ကို​လည်း ချောင်းရေ​သဖွယ် အစဉ်​စီးဆင်း​စေ​လော့​။ အို အစ္စရေး​အမျိုးအနွယ်​တို့​၊ တောကန္တာရ​ထဲ၌ အနှစ်​လေးဆယ်​ပတ်လုံး​လှည့်လည်​နေစဉ် ငါ့​ထံ ယဇ်ကောင်​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို သင်​တို့ ပူဇော်​ဖူး​သလော​။ သင်​တို့​သည် သင်​တို့​ဘုရင်​၏​စက္ကုတ်​နှင့် ခိအုန်​ရုပ်တု​များ​၊ သင်​တို့​ကိုးကွယ်​ရန် ကိုယ်တိုင်​လုပ်​သော​ကြယ်​နတ်ဘုရား​များ​ကို​လည်း သယ်ဆောင်​ကြ​၏​။ ထို့ကြောင့် ငါ​သည် သင်​တို့​ကို ဒမတ်စကပ်​မြို့​နှင့်​ဝေး​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​စေ​မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ဟူ၍ နာမ​တော်​ရှိ​တော်မူ​သော​ထာဝရဘုရား မိန့်​တော်မူ​၏​။