YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 4:23-31

တမန်တော်ဝတ္ထု 4:23-31 MSBU

တမန်တော်​တို့​သည် လွတ်​လာ​ကြ​သောအခါ မိမိ​တို့​အပေါင်းအဖော်​များ​ရှိ​ရာ​သို့ ပြန်လာ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​က မိမိ​တို့​အား​ပြော​သမျှ​တို့​ကို ပြန်ပြောပြ​ကြ​၏။ ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တညီတညွတ်တည်း​ဖြင့် ဘုရားသခင်​ထံ အသံ​ကို​လွှင့်​၍ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​သည် ကောင်းကင်၊ မြေကြီး​နှင့် ပင်လယ်​သမုဒ္ဒရာ​မှစ၍ ၎င်း​တို့​၌​ရှိသမျှ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ဖြစ်​ပါ​၏။ ကိုယ်တော်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် အကျွန်ုပ်​တို့​၏​ဘိုးဘေး​ဖြစ်​သော ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​၏​နှုတ်​မှတစ်ဆင့် ‘တိုင်းနိုင်ငံ​တို့​သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်​ဖြစ်​ကြ​သနည်း။ လူ​တို့​သည်​လည်း အဘယ်ကြောင့် အချည်းနှီး​သော​အရာ​များ​ကို​ကြံစည်​ကြ​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရ​ဘုရား​နှင့် ကိုယ်တော်​၏​ခရစ်တော်​ကို ဆန့်ကျင်​ကြ​၏’​ဟု မိန့်​တော်မူ​ခဲ့​၏။ အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ ကိုယ်တော်​၏​လက်​တော်​နှင့်​အကြံအစည်​တော်​တို့​အားဖြင့် ဖြစ်ပျက်​လာ​ရန်​ကြိုတင်​သတ်မှတ်​ထား​သမျှ​သော​အရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။ ထာဝရ​ဘုရား၊ ယခု သူ​တို့​၏​ခြိမ်းခြောက်​မှု​များ​ကို သတိမူ​လျက် ကိုယ်တော်​၏​အစေအပါး​တို့​အား နှုတ်ကပတ်​တရား​ကို​ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့်​ဟောပြော​ရ​သော​အခွင့်​ကို​ပေး​တော်မူ​ပါ။ တစ်ချိန်​တည်း​မှာ​ပင် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်တော်​၏​လက်​တော်​ကို​ဆန့်တန်း​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​၏​နာမ​တော်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို​ပြုခွင့်​ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။ ထိုသို့ သူ​တို့​ဆုတောင်း​ပြီး​သောအခါ သူ​တို့​စုဝေး​နေ​ကြ​သော​နေရာ​သည် တုန်လှုပ်​၍ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ရဲရင့်​စွာ​ဟောပြော​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။