YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 4:1-22

တမန်တော်ဝတ္ထု 4:1-22 MSBU

ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။ တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက် တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ မိုးချုပ်​ပြီ​ဖြစ်​သဖြင့် နောက်တစ်နေ့​တိုင်အောင် အချုပ်​ထောင်​ထဲ၌​ထည့်​ထား​ကြ​၏။ သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။ နောက်တစ်နေ့​၌ သူ​တို့​၏​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ဂျေရုဆလင်​မြို့​၌​စုဝေး​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြား​မှစ၍ ယဇ်ပုရောဟိတ်​မင်း​မျိုး​ရှိသမျှ​တို့​လည်း​ပါဝင်​ကြ​၏။ သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို အားလုံး​ရှေ့၌​ရပ်​စေ​ပြီးလျှင် “သင်​တို့​သည် မည်သည့်​အာဏာ၊ မည်သည့်​နာမ​ဖြင့် ဤ​အမှု​ကို ပြု​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊ ယနေ့ အကျွန်ုပ်​တို့​သည် အားနည်း​သော​သူ​တစ်​ဦး​အပေါ် ကောင်းကျိုး​ပြု​ခဲ့​သည့်​အကြောင်း​နှင့်​ပတ်သက်၍​လည်းကောင်း၊ ဤ​သူ​သည် မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​လာ​သနည်း​ဟူသည့်​အကြောင်း​နှင့်​ပတ်သက်​၍​လည်းကောင်း စစ်ဆေး​ခြင်း​ခံရ​သည်​ဆိုလျှင် သင်​တို့​အားလုံး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား သိမှတ်​စေ​လို​သည်​မှာ လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော်လည်း သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အကောင်း​ပကတိ​ဖြစ်​လျက်​ရပ်​နေ​၏။ ထို​အရှင်​သည် တိုက်​ဆောက်​သူ​များ​တည်းဟူသော​သင်​တို့​က ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​ဖြစ်​၏။ ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။ ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။ ထို့ပြင် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်အတူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သဖြင့် မည်သို့​မျှ​ငြင်းခုံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။ ထိုအခါ သူ​တို့​သည် တမန်တော်​တို့​ကို တရား​လွှတ်တော်​ရုံး​အပြင်​သို့​ထွက်​ရန်​အမိန့်​ပေး​ပြီးလျှင် အချင်းချင်း​ဆွေးနွေး​လျက် “ဤ​သူ​တို့​ကို မည်သို့​ပြု​ကြ​မည်နည်း။ အကြောင်းမူကား သူ​တို့​အားဖြင့် သိသာ​ထင်ရှား​သော​နိမိတ်​လက္ခဏာ​ဖြစ်ပျက်​ခဲ့​သည်​ကို ဂျေရုဆလင်​မြို့​၌​နေထိုင်​သူ​အားလုံး​သိရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​ငြင်းဆို​၍​မ​ရ​နိုင်။ သို့သော် ဤ​အကြောင်း​သည် လူ​တို့​ထံ ပို၍​ပျံ့နှံ့​မ​သွား​စေရန် ဤ​နာမ​ကို​အမှီပြု​လျက် နောက်တစ်ဖန် မည်သူ့​ကို​မျှ​မ​ဟောပြော​ရ​မည့်​အကြောင်း သူ​တို့​ကို​ခြိမ်းခြောက်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် တမန်တော်​တို့​ကို​ခေါ်​၍ ယေရှု​၏​နာမ​ကို​အမှီပြု​လျက် ဟောပြော​ခြင်း​ကို​ဖြစ်စေ၊ သွန်သင်​ခြင်း​ကို​ဖြစ်စေ လုံးဝ​မ​ပြု​ရန် အမိန့်​ပေး​ကြ​၏။ သို့သော် ပေတရု​နှင့်​ယောဟန်​တို့​က “ဘုရားသခင်​၏​စကား​တော်​ထက် သင်​တို့​၏​စကား​ကို ပို၍​နားထောင်​ခြင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ မှန်​၊ မမှန် သင်​တို့​ဆုံးဖြတ်​ကြ​လော့။ အကျွန်ုပ်​တို့​သည် မိမိ​တို့​ကြား​ရ၊ မြင်​ရ​သော​အရာ​တို့​ကို မ​ဟောပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်ပြော​ကြ​၏။ လူ​အားလုံး​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အမှုအရာ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​နေ​ကြ​သည်​ဖြစ်၍ ထို​လူ​တို့​ကြောင့် တမန်တော်​တို့​အား အပြစ်ဒဏ်​ပေး​နိုင်​မည့်​နည်းလမ်း​ကို ရှာ​မ​တွေ့​သဖြင့် သူ​တို့​သည် တမန်တော်​တို့​ကို ထပ်မံ​ခြိမ်းခြောက်​ပြီးလျှင် ပြန်လွှတ်​လိုက်​ကြ​၏​။ ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။