YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 4:1-12

တမန်တော်ဝတ္ထု 4:1-12 MSBU

ပေတရု​နှင့်​ယောဟန်​တို့​သည် လူ​တို့​အား​ဟောပြော​လျက်​နေ​ကြ​စဉ် ယဇ်ပုရောဟိတ်​များ၊ ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ဇဒ္ဒုကဲ​တို့​သည် သူ​တို့​ထံသို့​ရောက်လာ​ကြ​၏။ တမန်တော်​တို့​သည် ယေရှု​ကို​အကြောင်းပြု​လျက် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို လူ​တို့​အား သွန်သင်​ဟောပြော​နေ​ကြ​သောကြောင့် ထို​သူ​တို့​သည် စိတ်အနှောင့်အယှက်​ဖြစ်​လျက် တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ မိုးချုပ်​ပြီ​ဖြစ်​သဖြင့် နောက်တစ်နေ့​တိုင်အောင် အချုပ်​ထောင်​ထဲ၌​ထည့်​ထား​ကြ​၏။ သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။ နောက်တစ်နေ့​၌ သူ​တို့​၏​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ဂျေရုဆလင်​မြို့​၌​စုဝေး​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြား​မှစ၍ ယဇ်ပုရောဟိတ်​မင်း​မျိုး​ရှိသမျှ​တို့​လည်း​ပါဝင်​ကြ​၏။ သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို အားလုံး​ရှေ့၌​ရပ်​စေ​ပြီးလျှင် “သင်​တို့​သည် မည်သည့်​အာဏာ၊ မည်သည့်​နာမ​ဖြင့် ဤ​အမှု​ကို ပြု​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။ ထိုအခါ ပေတရု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် “လူ​တို့​၏​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​တို့၊ ယနေ့ အကျွန်ုပ်​တို့​သည် အားနည်း​သော​သူ​တစ်​ဦး​အပေါ် ကောင်းကျိုး​ပြု​ခဲ့​သည့်​အကြောင်း​နှင့်​ပတ်သက်၍​လည်းကောင်း၊ ဤ​သူ​သည် မည်ကဲ့သို့​အကောင်း​ပကတိ​ဖြစ်​လာ​သနည်း​ဟူသည့်​အကြောင်း​နှင့်​ပတ်သက်​၍​လည်းကောင်း စစ်ဆေး​ခြင်း​ခံရ​သည်​ဆိုလျှင် သင်​တို့​အားလုံး​နှင့် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား သိမှတ်​စေ​လို​သည်​မှာ လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော်လည်း သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အကောင်း​ပကတိ​ဖြစ်​လျက်​ရပ်​နေ​၏။ ထို​အရှင်​သည် တိုက်​ဆောက်​သူ​များ​တည်းဟူသော​သင်​တို့​က ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​ဖြစ်​၏။ ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။