YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 20:17-30

တမန်တော်ဝတ္ထု 20:17-30 MSBU

ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။ သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။ ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။ ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။ သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။ သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။ ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ သို့ဖြစ်၍ ငါ​သည် အားလုံး​၏​သွေး​နှင့်​ကင်းရှင်း​ကြောင်း ယနေ့​ပင် သင်​တို့​အား ငါ​သက်သေခံ​၏။ အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။ သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။ ငါ​ထွက်ခွာ​သွား​သည့်​နောက် ကြမ်းကြုတ်​သော​ဝံပုလွေ​များ​သည် သင်​တို့​အထဲသို့​ဝင်လာ​၍ သိုးစု​ကို ညှာတာ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။