YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 2:1-11

တမန်တော်ဝတ္ထု 2:1-11 MSBU

ပင်တေကုတ္တေ​ပွဲ​နေ့​ရောက်​သောအခါ ထို​သူ​အပေါင်း​တို့​သည် တစ်နေရာတည်း​၌ စုဝေး​နေ​ကြ​၏။ ထိုအခါ ပြင်းထန်​သော​လေ​တိုက်ခတ်​သံ​နှင့်​တူ​သည့် အသံ​သည် ကောင်းကင်​မှ ရုတ်တရက်​ပေါ်ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်အိမ်လုံး​ကို ဖုံးလွှမ်း​လေ​၏။ ထို့နောက် ဖြာထွက်​သည့်​မီးလျှံ​ကဲ့သို့သော​လျှာ​များ​သည် သူ​တို့​ရှေ့၌​ပေါ်ထွက်​လာ​၍ သူ​တို့​တစ်ဦးစီ​အပေါ်​တည်​လေ​၏။ ထိုအခါ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဝိညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်စွမ်း​ပေး​တော်မူ​သည့်​အတိုင်း အခြား​သော​ဘာသာ​စကား​များ​ဖြင့် စတင်​ပြောဆို​ကြ​၏။ ထို​အချိန်​ကာလ​တွင် မိုး​ကောင်းကင်​အောက်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ ဘုရား​တရား​ကြည်ညို​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​၌​တည်းခို​နေ​ကြ​၏။ ထို​အသံ​ထွက်ပေါ်​လာ​သောအခါ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​၍ သူ​တို့​အသီးသီး​သည် သူ​တို့​၏​ဘာသာစကား​ဖြင့် တမန်တော်​တို့​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ရ​သဖြင့် အံ့ဩ​တွေဝေ​ကြ​ကုန်​၏။ သူ​တို့​သည် အံ့သြ​ငေးမော​ကြ​လျက် “ကြည့်​ပါ။ ယခု​ပြောဆို​နေ​သော ဤ​သူ​အားလုံး​တို့​သည် ဂါလိလဲ​နယ်သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် ငါ​တို့​အသီးသီး​သည် ငါ​တို့​မွေးဖွား​ရာ​အရပ်​မှ ဘာသာစကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်သို့​နည်း။ ငါ​တို့​တွင် ပါသိ​လူမျိုး၊ မေဒိ​လူမျိုး​နှင့် ဧလံ​လူမျိုး​များ​မှစ၍ မက်ဆိုပိုတေးမီးယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ ပုန္တု​ပြည်၊ အာရှ​ပြည်၊ ဖြူဂိ​ပြည်၊ ပံဖုလိ​ပြည်၊ အီဂျစ်​ပြည်​နှင့် ကုရေနေ​မြို့​အနီး လစ်ဗျား​နယ်မြေ​ဒေသ​တို့​၌ နေထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့ပြင် အလည်အပတ်​ရောက်ရှိ​လာ​သော​ရောမ​နိုင်ငံသား​များ၊ ဂျူး​လူမျိုး​များ​နှင့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​များ၊ ကရေတေ​ကျွန်းသား​များ၊ အာရပ်​ပြည်သား​များ​လည်း​ရှိ​ကြ​၏။ သို့ဖြစ်လျက်နှင့် ဤ​သူ​တို့​သည် ဘုရားသခင်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​တို့​၏​ဘာသာ​စကား​များ​ဖြင့် ပြောဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။