YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 6:1-23

ဓမ္မရာဇဝင်ဒုတိယစောင် 6:1-23 MSBU

တစ်ဖန် ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​ထဲမှ ရွေးချယ်​ထား​သော​စစ်သည်​သုံးသောင်း​ကို စုဝေး​စေ​ပြီးလျှင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​သော​၊ ခေရုဗိမ်​တို့​အထက်​တွင်​စံနေ​တော်မူ​သော ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ရန် ဒါဝိဒ်​မင်းကြီး​သည် မိမိ​လူ​အပေါင်း​တို့​နှင့်တကွ ဗာလာ​ယုဒ​မြို့​သို့ ထ​သွား​လေ​၏​။ ဘုရားသခင်​၏​သေတ္တာ​တော်​ကို လှည်း​အသစ်​ပေါ်တွင်​တင်​ပြီး တောင်ကုန်း​ပေါ်ရှိ​အဘိနဒပ်​အိမ်​မှ သယ်ဆောင်​လာ​ကြ​၏​။ အဘိနဒပ်​၏​သား ဩဇ​နှင့်​အဟိဩ​တို့​သည် ထို​လှည်း​သစ်​ကို​မောင်းနှင်​ပေး​ကြ​၏​။ ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​ကို တောင်ကုန်း​ပေါ်ရှိ အဘိနဒပ်​အိမ်​မှ သယ်ဆောင်​သွား​ကြ​သောအခါ အဟိဩ​သည် သေတ္တာ​တော်​ရှေ့​မှ သွား​၏​။ ဒါဝိဒ်​မင်းကြီး​နှင့် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် စောင်းကောက်​၊ စောင်းပြား​၊ ပတ်သာ​၊ နှဲ​၊ လင်းကွင်း စသည့်​ထင်းရှူးသား​ဖြင့်​ပြုလုပ်​ထား​သော​တူရိယာ​အမျိုးမျိုး​တို့​ကို တီးမှုတ်​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် ပျော်မြူး​ကြ​၏​။ နာခုန်​ကောက်နယ်တလင်း​သို့ ရောက်လာ​သောအခါ နွား​ခြေချော်​သွား​၍ ဩဇ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို လက်​နှင့်​လှမ်း​ထိန်း​လိုက်​မိ​သောကြောင့် ထာဝရဘုရား​သည် ဩဇ​ကို အမျက်ထွက်​တော်မူ​၏​။ သူ​ပြု​မိ​သော​အမှား​ကြောင့် ဘုရားသခင်​သည် သူ့​ကို ထို​နေရာ​တွင်​ပင် ဒဏ်ခတ်​တော်မူ​ရာ သူ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​နား​တွင် သေ​လေ​၏​။ ဤသို့ ဩဇ​အား ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သောကြောင့် ဒါဝိဒ်​မင်းကြီး​သည် စိတ်ဆိုး​လေ​၏​။ ထို့ကြောင့် ယနေ့​တိုင် ထို​နေရာ​ကို ပေရဩဇ ဟု​ခေါ်ဆို​လေ​၏​။ ထို​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သောကြောင့် “​ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ငါ့​ထံ မည်သို့​ရောက်လာ​နိုင်​မည်နည်း​”​ဟု တွေးတော​လေ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို မိမိ​နှင့်အတူ ဒါဝိဒ်​မြို့​သို့ သယ်ဆောင်​သွား​ရန် ဆန္ဒ​မ​ရှိ​သဖြင့် ဂိတ္တိ​လူမျိုး​ဩဗဒေဒုံ​၏​အိမ်​သို့ သယ်ဆောင်​သွား​၏​။ ဤသို့ဖြင့် ထာဝရဘုရား​၏​သေတ္တာ​တော်​သည် ဂိတ္တိ​လူမျိုး​ဩဗဒေဒုံ​၏​အိမ်​တွင် သုံး​လ​မျှ ကိန်းဝပ်​တော်မူ​ပြီး ထာဝရဘုရား​သည် ဩဗဒေဒုံ​နှင့် သူ​၏​အိမ်သူအိမ်သား​အပေါင်း​တို့​အား ကောင်းချီးပေး​တော်မူ​၏​။ “​ဘုရားသခင်​၏​သေတ္တာ​တော်​ကြောင့် ဩဗဒေဒုံ​၏​အိမ်သူအိမ်သား​တို့​နှင့်တကွ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​ပြီ​”​ဟု ဒါဝိဒ်​မင်းကြီး​အား ကြားပြော​ကြ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သွား​၍ ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဩဗဒေဒုံ​၏​အိမ်​မှ ဒါဝိဒ်​မြို့​သို့ ဝမ်းမြောက်​စွာ သယ်ဆောင်​လာ​လေ​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​သူ​တို့​သည် ခြေလှမ်း​ခြောက်​လှမ်း​အရောက်​တွင် နွားထီး​တစ်​ကောင်​နှင့် ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ပိတ်ချော​ဧဖုဒ်​ကို ဝတ်ဆင်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် ဝမ်းသာအားရ​ကခုန်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​အပါအဝင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ကြွေးကြော်သံ​၊ တံပိုးမှုတ်သံ​များ​နှင့်တကွ ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ကြ​၏​။ ဒါဝိဒ်​မြို့​တွင်း​သို့ ထာဝရဘုရား​၏​သေတ္တာ​တော် ဝင်ရောက်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် ပြတင်းပေါက်​မှ​လှမ်းကြည့်​ရာ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် က​ခုန်​လျက်​လိုက်ပါ​လာ​သည်​ကို မြင်​လျှင် သူ့​စိတ်​ထဲတွင် ဒါဝိဒ်​မင်းကြီး​ကို မထီလေးစားပြု​မိ​လေ​၏​။ သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး ဒါဝိဒ်​မင်းကြီး စိုက်ထူ​ထား​သော တဲ​တော်​အတွင်း သူ့​နေရာ​တွင် ချထား​ကြ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​လေ​၏​။ ထိုသို့ မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ပြီး​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​၏​နာမ​တော်​၌ လူ​တို့​ကို ကောင်းချီးပေး​လေ​၏​။ ထို့နောက် အစ္စရေး​လူထု​တစ်ရပ်လုံး​အား ယောက်ျား​မိန်းမ မကျန် တစ်ဦး​လျှင် မုန့်​တစ်​လုံး​၊ အသား​တစ်​တုံး​၊ စပျစ်ပျဉ်​တစ်​ချပ် ဝေပေး​၏​။ ထို့နောက် လူ​အပေါင်း​တို့​သည် အသီးသီး​ကိုယ့်​အိမ်​သို့ ပြန်သွား​ကြ​၏​။ ထို့နောက် အိမ်သူအိမ်သား​တို့​ကို ကောင်းချီးပေး​ရန် ဒါဝိဒ်​မင်းကြီး ပြန်လာ​သောအခါ ရှောလု​၏​သမီး မိခါလ​သည် ထွက်လာ​၍ ဒါဝိဒ်​မင်းကြီး​ကို ကြိုဆို​ပြီး “​ယနေ့​တွင် အစ္စရေး​ဘုရင်​သည် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​များ​ရှေ့​၌ စိတ်လွတ်ကိုယ်လွတ်​ကခုန်​နေ​သည်​မှာ ကျက်သရေ​ရှိ​လှ​ပါ​သည်​တကား​။ လူမိုက်​တစ်​ယောက် စိတ်လွတ်ကိုယ်လွတ်​ပြုမူ​သကဲ့သို့​ပါ​တကား​”​ဟု ဆို​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း မိခါလ​အား “​ထာဝရဘုရား​ရှေ့​တော်​တွင် ငါ ကခုန်​ခြင်း​ဖြစ်​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​အစ္စရေး​တို့​အား အုပ်စိုး​မည့်​သူ​ကို သင့်​ဖခင်​နှင့် သင့်​ဖခင်​၏​အိမ်သူအိမ်သား​အပေါင်း​တို့​ထဲမှ​မ​ရွေးကောက်​ဘဲ ငါ့​ကို ရွေးကောက်​ခန့်ထား​တော်မူ​သော ထာဝရဘုရား​ရှေ့​တော်​တွင် ငါ​ပျော်မြူး​မည်​။ ထိုထက်မက အရိုအသေတန်​အောင် ငါ​လုပ်​ဦး​မည်​။ ငါ့​စိတ်တိုင်းကျ ငါ့ကိုယ်ငါ နှိမ့်ချ​ဦး​မည်​။ သို့သော် သင်​ပြောဆို​နေ​သော​ကျွန်မ​များ​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​၏​သမီး​တော် မိခါလ​သည် သေ​သည်​အထိ သားသမီး မ​ထွန်းကား​ခဲ့​ပေ​။