YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 4:8-37

ဓမ္မရာဇဝင်စတုတ္ထစောင် 4:8-37 MSBU

တစ်နေ့တွင် ဧလိရှဲ​သည် ရှုနင်​မြို့​သို့​သွား​ရာ ထို​မြို့​ရှိ​ထင်ပေါ်​သော​အမျိုးသမီး​တစ်​ဦး​က သူ့​အား ဧည့်ခံ​ကျွေးမွေး​ရန် ခေါ်ဖိတ်​လေ​၏​။ နောင်တွင်​လည်း ဧလိရှဲ​သည် ထို​မြို့​သို့​ရောက်​လျှင် ထို​အမျိုးသမီး​အိမ်​သို့​ဝင်​၍ ရပ်နား​စားသောက်​လေ့​ရှိ​၏​။ ထို​အမျိုးသမီး​က မိမိ​ခင်ပွန်း​အား “​အကျွန်ုပ်​တို့​ထံ မကြာခဏ​ဝင်ထွက်​သွားလာ​သော​ဤ​သူ​သည် ဘုရားသခင်​၏​သန့်ရှင်း​သော​လူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​၏​။ ယခု ခေါင်မိုးပြင်​ပေါ်မှာ အိပ်ရာ​၊ စားပွဲ​၊ မီးအိမ်​ပါ​သော အခန်း​ငယ်​တစ်ခန်း​ကို သူ့​အဖို့ ဆောက်လုပ်​ကြ​စို့​။ အကျွန်ုပ်​တို့​ထံ​လာ​သောအခါ ထို​အခန်း​တွင် တည်းခို​နေ​ပါစေ​”​ဟု ဆို​၏​။ တစ်နေ့တွင် ဧလိရှဲ​သည် ထို​အိမ်​သို့​ရောက်လာ​ပြီး အထက်ခန်း​သို့​တက်သွား​၍ လဲလျောင်း​နေ​၏​။ ထို့နောက် မိမိ​ငယ်သား​ဂေဟာဇိ​အား “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု​ဆို​၏​။ ဂေဟာဇိ​ခေါ်​လိုက်​သဖြင့် ထို​အမျိုးသမီး​သည် ဧလိရှဲ​ရှေ့​၌ ရပ်​နေ​၏​။ ထိုအခါ ဧလိရှဲ​က မိမိ​ငယ်သား​အား “​ထို​အမျိုးသမီး​ကို​ပြော​လော့​။ သင်​သည် ဤမျှလောက် ငါ​တို့​ကို​ဂရုတစိုက်​ပြုစု​၏​။ ငါ​တို့​က သင့်​အဖို့ မည်သို့​ပြု​ပေး​ရ​မည်နည်း​။ ရှင်ဘုရင်​ထံ​ဖြစ်စေ​၊ စစ်သူကြီး​ထံ​ဖြစ်စေ လျှောက်တင်​ပေး​စရာ တစ်စုံတစ်ခု​ရှိ​သလော”​ဟု မေး​စေ​လျှင် ထို​အမျိုးသမီး​က “​အကျွန်ုပ်​သည် အကျွန်ုပ်​လူမျိုး​များ​နှင့်အတူ နေ​ရ​သည်​ဖြစ်၍ လိုလေသေး​မ​ရှိ​ပါ​”​ဟု ပြန်လျှောက်​၏​။ တစ်ဖန် ဧလိရှဲ​က ဂေဟာဇိ​အား “​သူ့​ကို မည်သို့​ပြု​ပေး​သင့်​သနည်း​”​ဟု မေးပြန်​လျှင် ဂေဟာဇိ​က “​သူ​၌ သား​မ​ရှိ​ပါ​။ ခင်ပွန်းသည်​လည်း အသက်ကြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။ ဧလိရှဲ​က “​ထို​မိန်းမ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သဖြင့် သူ့​ကို​ခေါ်​၍ သူ​သည် တံခါးဝ​၌ လာရပ်​နေ​၏​။ ထိုအခါ ဧလိရှဲ​က သူ့​အား “​နောက်နှစ် ဤ​အချိန်​တွင် သင်​သည် သား​ကို ချီပွေ့​ရ​လိမ့်မည်​”​ဟု ဆို​လျှင် သူ​က “​မ​ဖြစ်နိုင်​ပါ အကျွန်ုပ်​၏​သခင်​။ အို ဘုရားသခင်​၏​လူ​၊ အရှင့်​အစေအပါး​ကို မ​လှည့်စား​ပါ​နှင့်​”​ဟု ပြန်လျှောက်​၏​။ သို့သော် ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သူ့​အား ဧလိရှဲ​ဆို​သည့်​အတိုင်း နောက်​နှစ် ထို​ရာသီ​ရောက်​သည့်အခါ သားယောက်ျား​ကို မွေးဖွား​လေ​၏​။ သူငယ် ကြီးပြင်း​လာ​သောအခါ တစ်နေ့တွင် သူ​သည် ကောက်ရိတ်​သူ​များ​နှင့်အတူ​ရှိ​နေ​သော​ဖခင်​ထံသို့ လိုက်သွား​ပြီး ဖခင်​အား “​ခေါင်းကိုက်​၏​။ ခေါင်းကိုက်​၏​”​ဟု ဆို​သဖြင့် သူ့​ဖခင်​က ငယ်သား​အား “​သူ့​မိခင်​ထံ ချီသွား​ပါ​”​ဟု ဆို​၏​။ ထို့ကြောင့် ငယ်သား​က သူ့​ကို​ချီ​ပြီး သူ့​မိခင်​ထံ​ခေါ်သွား​ရာ သူငယ်​သည် မိခင်​၏​ပေါင်​ပေါ်တွင်​ထိုင်​လျက် မွန်းတည့်ချိန်​ရောက်​လျှင် သေဆုံး​သွား​လေ​၏​။ ထိုအခါ သူငယ်​၏​မိခင်​သည် အထက်ခန်း​သို့​တက်သွား​၍​သူငယ်​ကို ဘုရားသခင့်​လူ​၏​ခုတင်​ပေါ်တွင် ချထား​ခဲ့​ကာ တံခါးပိတ်​ပြီး ပြန်ဆင်း​သွား​၏​။ ထို့နောက် မိမိ​ခင်ပွန်း​ကို​ခေါ်​၍ “​ငယ်သား​တစ်​ဦး​နှင့် မြည်း​တစ်​ကောင်​ကို အကျွန်ုပ်​ထံ ပို့ပေး​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​၏​လူ​ထံသို့ အမြန်သွား​ပြီး ပြန်လာ​ပါ​မည်​”​ဟု ဆို​၏​။ ခင်ပွန်း​က​လည်း “​ယနေ့​သည် လဆန်းနေ့​လည်း​မ​ဟုတ်​။ ဥပုသ်နေ့​လည်း မ​ဟုတ်​။ အဘယ်ကြောင့် ယနေ့ သွား​လို​သနည်း​”​ဟု ဆို​လျှင် သူ့​မိန်းမ​က “​အဆင်ပြေ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။ ထို့နောက် မြည်း​ကို​ကုန်းနှီးတင်​ပြီးလျှင် မိမိ​ငယ်သား​အား “​မြည်း​ကို​နှင်​ပါ​။ ငါ​အမိန့်​မ​ပေး​ဘဲ အရှိန်​မ​လျှော့​ပါ​နှင့်​”​ဟု ဆို​၏​။ ထိုသို့ သူ​ထွက်သွား​၍ ဘုရားသခင်​၏​လူ​ရှိ​ရာ ကရမေလ​တောင်​ပေါ်သို့ ရောက်လာ​၏​။ ဘုရားသခင်​၏​လူ​သည် သူ့​ကို အဝေး​မှ​မြင်​လျှင် ငယ်သား​ဂေဟာဇိ​အား “​ကြည့်​ပါ​။ ရှုနင်​မြို့သူ လာ​နေ​ပါ​သည်​တကား​။ ချက်ချင်း ပြေးသွား​ပြီး သူ့​ကို​ကြို​ပါ​။ ‘​သင်​ကျန်းမာ​ပါ​၏​လော​။ သင်​၏​ခင်ပွန်းသည် ကျန်းမာ​ပါ​၏​လော​။ သား​လည်း ကျန်းမာ​ပါ​၏​လော​’​ဟူ၍ မေးမြန်း​နှုတ်ဆက်​ပါ​”​ဟု ဆို​၏​။ ထို​အမျိုးသမီး​က​လည်း “​ကျန်းမာ​ပါ​၏​”​ဟု ပြန်ပြော​ပြီး တောင်​ပေါ်ရှိ​ဘုရားသခင်​၏​လူ​ထံသို့​ရောက်​သည်​နှင့် သူ့​ခြေ​ကို​ဖက်​ထား​လေ​၏​။ ဂေဟာဇိ​သည် လာ​၍​သူ့​ကို​တွန်းဖယ်​မည်​ပြု​သောအခါ ဘုရားသခင်​၏​လူ​က “​သူ့​ကို လွှတ်ထား​လိုက်​ပါ​။ သူ​စိတ်သောက​ရောက်​နေ​၏​။ ထာဝရဘုရား​သည် ငါ့​အား မ​ဖော်ပြ​ဘဲ ထိန်ချန်​ထား​လေ​ပြီ​”​ဟု ဆို​၏​။ ထို​အမျိုးသမီး​က​လည်း “​အကျွန်ုပ်​သည် အရှင့်​ထံ သား​ဆု​ကို​တောင်း​ခဲ့​ပါ​သလော​။ ‘အကျွန်ုပ်​ကို မ​လှည့်စား​ပါ​နှင့်​’​ဟု အရှင့်​ကို ဆို​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု ဆို​လေ​၏​။ ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​အား “​သင့်​ခါး​ကို​စည်း​၍ ငါ့​တောင်ဝှေး​ကို​ယူ​ပြီး ပြေးသွား​လော့​။ လမ်း​တွင် တစ်ယောက်ယောက်​နှင့်​ဆုံ​လျှင် နှုတ်​မ​ဆက်​နှင့်​။ တစ်ယောက်ယောက်​က သင့်​ကို​နှုတ်ဆက်​လျှင်လည်း ပြန်​နှုတ်​မ​ဆက်​နှင့်​။ ငါ့​တောင်ဝှေး​ကို သူငယ်​မျက်နှာ​ပေါ်တွင် တင်​ထား​လော့​”​ဟု မှာကြား​၏​။ သို့သော် သူငယ်​၏​မိခင်​က “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အရှင်​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​သည် အရှင့်​ကို လက်​မ​လွှတ်​ပါ​”​ဟု ဆို​သဖြင့် ဧလိရှဲ​သည် ထ​၍​သူ​နှင့်​လိုက်သွား​လေ​၏​။ ဂေဟာဇိ​သည် သူ​တို့​အလျင်​သွား​နှင့်​ပြီး သူငယ်​၏​မျက်နှာ​ပေါ်တွင် တောင်ဝှေး​ကို​တင်​ထား​၏​။ သို့သော် သူငယ်​ထံမှ မည်သည့်​အသံ​မျှ မ​ထွက်​၊ မည်သည့်​တုံ့ပြန်မှု​မျှ မ​ရှိ​။ ထို့ကြောင့် ဂေဟာဇိ​က ဧလိရှဲ​ကို ပြန်လာ​ကြို​ပြီး “​သူငယ် မ​နိုး​ပါ​”​ဟု ဆို​၏​။ အိမ်​ထဲသို့ ဧလိရှဲ​ရောက်​သောအခါ ခုတင်​ပေါ်တွင် သူငယ်​လဲလျောင်း​သေဆုံး​နေ​သည်​ကို တွေ့​ရ​၏​။ ဧလိရှဲ​သည် အခန်း​ထဲသို့​ဝင်​ပြီး သူ​တို့​နှစ်​ယောက်​ထဲ​သာ​ရှိ​သော ထို​အခန်း​၏​တံခါး​ကို​ပိတ်​ကာ ထာဝရဘုရား​ထံ ဆုတောင်း​လေ​၏​။ ထို့နောက် သူငယ်​ပေါ်တွင် နှုတ် နှုတ်​ချင်း​၊ မျက်လုံး မျက်လုံး​ချင်း​၊ လက် လက်​ချင်း ထပ်​ပြီး လှဲအိပ်​လေ​၏​။ ထိုသို့ သူငယ်​ပေါ်တွင် ကိုယ်​ကို မှောက်​၍​နေ​သောအခါ သူငယ်​၏​ကိုယ်​မှာ နွေးလာ​၏​။ ထို့နောက် ဧလိရှဲ​သည် ထ​၍​အခန်း​ထဲတွင် ခေါက်တုံ့ခေါက်ပြန်​လျှောက်​၏​။ တစ်ဖန် သူငယ်​ပေါ် ပြန်၍​မှောက်​နေ​သောအခါ သူငယ်​သည် ခုနစ်​ကြိမ်​နှာချေ​ပြီး မျက်လုံး​ပွင့်လာ​၏​။ ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​ကို​ခေါ်​၍ “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သည့်​အတိုင်း သူ့​ကို​ခေါ်​၍ သူ​ရောက်လာ​လျှင် ဧလိရှဲ​က သူ့​အား “​သင့်​သား​ကို ချီယူ​သွား​ပါ​”​ဟု ဆို​၏​။ ထို​အမျိုးသမီး​သည် ဧလိရှဲ​ခြေရင်း​တွင် လာ​၍​ပျပ်ဝပ်​ပြီးလျှင် သူ့​သား​ကို​ပွေ့ချီ​၍ ထွက်သွား​လေ​၏​။