YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 7:2-11

ဓမ္မရာဇဝင်ပထမစောင် 7:2-11 MSBU

ထို​နေ့​မှစ၍ သေတ္တာ​တော်​သည် ကိရယတ်ယာရိမ်​မြို့​၌ အနှစ်​နှစ်ဆယ်​တိုင်တိုင် အချိန်​ကြာမြင့်​စွာ​ရှိ​နေ​၏​။ ထို​အချိန်​အတွင်း​တွင် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ထာဝရဘုရား​ကို မျှော်ကြည့်အားကိုး​လျက်​နေ​ကြ​၏​။ ထိုအခါ ရှမွေလ​က အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား “​သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့ ထာဝရဘုရား​ထံ​တော်​သို့​ပြန်လာ​လို​လျှင် သင်​တို့​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​ရ​မည်​။ ထာဝရဘုရား​ထံ၌​သာ စိတ်အာရုံပြု​၍ ကိုယ်တော်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်​။ သို့ပြုလျှင် သင်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်နုတ်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဗာလ​ဘုရား​များ​၊ အာရှတရက်​ဘုရား​များ​ကို ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ ထိုအခါ ရှမွေလ​က သူ​တို့​အား “​အစ္စရေး​တစ်မျိုးသားလုံး​ကို မိဇပါ​မြို့​၌ စုဝေး​စေ​ကြ​လော့​။ သင်​တို့​အဖို့ ထာဝရဘုရား​ထံ ငါ​ဆုတောင်း​ပေး​မည်​”​ဟု ဆို​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​၌​စုဝေး​ကြ​၏​။ ရေ​ကို​ခပ်​ပြီး ထာဝရဘုရား​ရှေ့​တော်​၌​သွန်းလောင်း​ကြ​၏​။ ထို​နေ့​၌ အစာရှောင်​ကြ​ပြီး သူ​တို့​က “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ခဲ့​ကြ​ပြီ​”​ဟု ဝန်ခံ​ကြ​၏​။ ဤသို့ဖြင့် ရှမွေလ​သည် မိဇပါ​မြို့​၌ အစ္စရေး​အမျိုးသား​တို့​ကို စီရင်အုပ်ချုပ်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မိဇပါ​မြို့​၌ စုဝေး​ကြ​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​သောအခါ ဖိလိတ္တိ​မင်း​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် ချီလာ​ကြ​၏​။ ထို​သတင်း​ကို အစ္စရေး​အမျိုးသား​တို့ ကြားသိ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​ကို ကြောက်ရွံ့​ကြ​ကုန်​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​ကယ်နုတ်​တော်မူ​ပါ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အကျွန်ုပ်​တို့​အဖို့ ဆက်လက်​ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။ ထိုအခါ ရှမွေလ​က နို့မပြတ်​သေး​သော​သိုးသငယ်​တစ်​ကောင်​ကို ယူ​၍ တစ်ကောင်လုံး​ရှို့​ရ​သော​မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ပြီး အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ထာဝရဘုရား နားညောင်း​တော်မူ​၏​။ ထိုသို့ ရှမွေလ​သည် မီးရှို့ရာယဇ်​ကို ပူဇော်​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​ကြ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​သည် ကျယ်လောင်​စွာ​မိုးချုန်း​စေ​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ ဤသို့ဖြင့် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း မိဇပါ​မြို့​မှ​ထွက်​၍ ဗက်ကာ​မြို့​အောက်​ဘက်​တိုင်အောင် ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံ​သတ်ဖြတ်​လေ​၏​။