YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 3:4-11

ဓမ္မရာဇဝင်ပထမစောင် 3:4-11 MSBU

ထိုအခါ ထာဝရဘုရား​သည် ရှမွေလ​ကို​ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လျက် ဧလိ​ထံသို့​ပြေးလာ​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု ဆို​၏​။ ဧလိ​က “​ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု သူ့​အား​ဆို​သဖြင့် သူ​ပြန်သွား​၍​အိပ်​လေ​၏​။ ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။ ထိုစဉ်က ရှမွေလ​သည် ထာဝရဘုရား​နှင့်​သိကျွမ်း​ခြင်း​မ​ရှိ​သေး​။ ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကို​လည်း မ​ရရှိ​ဖူး​သေး​။ ထာဝရဘုရား​သည် ရှမွေလ​ကို တတိယ​အကြိမ်​ခေါ်​တော်မူ​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍ ဧလိ​ထံသို့​သွား​ပြီးလျှင် “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​ပြန်​၏​။ ထိုအခါ သူငယ်​ကို ထာဝရဘုရား​ခေါ်​တော်မူ​ကြောင်း ဧလိ​သိ​သွား​လေ​၏​။ ထို့ကြောင့် ဧလိ​က ရှမွေလ​အား “​ပြန်အိပ်​ပါ​လော့​။ သင့်​ကို နောက်တစ်ဖန်​ခေါ်​လျှင် ‘​ထာဝရဘုရား​၊ အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော့်​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​’​ဟု ပြန်လျှောက်​လော့​”​ဟု မှာလိုက်​၏​။ ရှမွေလ​ပြန်သွား​၍ မိမိ​အိပ်ရာ​၌ အိပ်​လေ​၏​။ ထာဝရဘုရား​သည် ကြွလာ​၍​ရပ်​တော်မူ​လျက် “​ရှမွေလ​၊ ရှမွေလ​”​ဟု ယခင်က​ကဲ့သို့ ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။ ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​ကြည့်ရှု​လော့​။ ကြား​ရ​သူ​တိုင်း နားခါး​စေ​မည့်​အဖြစ်​ကို အစ္စရေး​လူမျိုး​တွင် ငါ​ပြု​မည်​။