YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 21:1-19

ဓမ္မရာဇဝင်တတိယစောင် 21:1-19 MSBU

ယေဇရေလ​မြို့​ရှိ ရှမာရိ​ဘုရင်​အာဟပ်​မင်းကြီး​၏​နန်းတော်​အနီး​တွင် ယေဇရေလ​မြို့သား​နာဗုတ်​ပိုင်​စပျစ်ခြံ​ရှိ​၏​။ အာဟပ်​မင်းကြီး​က နာဗုတ်​အား “​သင့်​စပျစ်ခြံ​သည် ငါ့​နန်းတော်​နှင့်​နီး​သောကြောင့် ဟင်းသီးဟင်းရွက်​ခြံ​ပြုလုပ်​လို​သဖြင့် ငါ့​ကို ပေး​ပါ​လော့​။ ထို​ခြံ​အစား ပိုကောင်း​သော​စပျစ်ခြံ​ကို ပေး​မည်​။ သို့မဟုတ် တန်ဖိုး​ငွေ​ကို သင်​အလိုရှိ​လျှင် ငါ​ပေး​မည်​”​ဟု မိန့်ဆို​လျှင် နာဗုတ်​က အာဟပ်​မင်းကြီး​အား “​ဤ​မြေ​သည် ဘိုးဘေး​တို့​ထံမှ​ရ​ထား​သော​အမွေမြေ​ဖြစ်​၏​။ ထာဝရဘုရား​တားမြစ်​ထား​သည်​ဖြစ်၍ အရှင်မင်းကြီး​အား ပေး​၍​မ​ရ​ပါ​”​ဟု ပြန်လျှောက်​၏​။ ထိုသို့ “​ဘိုးဘေး​တို့​၏​အမွေမြေ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​”​ဟု ယေဇရေလ​မြို့သား​နာဗုတ်​ဆို​သော​စကား​ကြောင့် အာဟပ်​မင်းကြီး​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် နန်းတော်​သို့​ပြန်သွား​ကာ အစာ​လည်း​မ​စား သလွန်တော်​ပေါ်တွင် တစ်ဖက်​သို့​လှည့်​၍ လှဲ​နေ​လေ​၏​။ ထိုအခါ မိဖုရား​ယေဇဗေလ​သည် သူ့​ထံသို့​ဝင်လာ​ပြီး “​အရှင်​သည် အစားအစာ​မ​စား​ဘဲ စိတ်မကျေမနပ်​ဖြစ်​နေ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မေး​လျှင် မင်းကြီး​က “​ငါ​သည် ယေဇရေလ​မြို့သား​နာဗုတ်​အား ‘​သင့်​စပျစ်ခြံ​ကို ငါ့​အား ငွေ​နှင့်​ရောင်း​ပါ​။ သို့မဟုတ် သင်​အလိုရှိ​လျှင် ထို​ခြံ​အစား စပျစ်ခြံ​တစ်​ခု​ကို​ပေး​ပါ​မည်​’​ဟု ဆို​သည်​ကို သူ​က ‘​အကျွန်ုပ်​စပျစ်ခြံ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​’​ဟု ဆို​သည်​”​ဟု ပြန်ဖြေ​၏​။ ထိုအခါ မိဖုရား​ယေဇဗေလ​က “​မင်းကြီး​သည် ယခု အစ္စရေး​ဘုရင်​ဖြစ်​သည်​မ​ဟုတ်​လော​။ ထ​၍ အစာ​ကို​စား​တော်မူ​ပါ​။ စိတ်​ကို​ရွှင်လန်း​အောင် ထား​ပါ​။ ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို မင်းကြီး​အား အကျွန်ုပ်ကိုယ်တိုင် ဆက်သ​ပါ​မည်​”​ဟု လျှောက်ဆို​လေ​၏​။ ထို့နောက် သူ​သည် အာဟပ်​မင်းကြီး​အမည်​ဖြင့် စာရေး​ပြီး ရှင်ဘုရင်​တံဆိပ်​တော်​ခတ်နှိပ်​ကာ နာဗုတ်​နေထိုင်​ရာ​မြို့​ရှိ သက်ကြီးဝါကြီး​များ​၊ မှူးမတ်​များ​ထံသို့ ထို​စာ​ကို ပေးပို့​လိုက်​၏​။ ထို​စာ​ထဲတွင် “​အစာရှောင်​ရာ​နေ့​ကို ကြေညာ​၍ ထို​နေ့​တွင် နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​လော့​။ သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လူမိုက်​နှစ်​ယောက်​ကို​ထိုင်​စေ​၍ ‘သင်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​လေ​ပြီ’​ဟု သက်သေခံ​စေ​ပြီးလျှင် သူ့​ကို​ဆွဲထုတ်​၍ ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​”​ဟု ရေးထား​၏​။ ထို​မြို့​တွင်​နေထိုင်​သော မြို့သား​သက်ကြီးဝါကြီး​များ​နှင့် မှူးမတ်​များ​လည်း သူ​တို့​ထံသို့​ပေးပို့​သော​စာ​၌​ရေးသား​ထား​သည့် ယေဇဗေလ​ညွှန်ကြားချက်​အတိုင်း ပြု​ကြ​၏​။ သူ​တို့​သည် အစာရှောင်​ရာ​နေ့​ကို​ကြေညာ​၍ နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​ကြ​၏​။ ထိုအခါ လူမိုက်​နှစ်​ဦး​က သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လာထိုင်​၍ “​နာဗုတ်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​ပါ​ပြီ​”​ဟု လူ​တို့​ရှေ့​တွင် သက်သေခံ​ကြ​၏​။ ထို့နောက် သူ့​ကို မြို့ပြင်​သို့​ဆွဲထုတ်​ပြီး ကျောက်ခဲ​နှင့်​ပေါက်​ကြ​သဖြင့် သူ​သေ​လေ​၏​။ ထို့နောက် ယေဇဗေလ​ထံသို့ လူ​လွှတ်​၍ “​နာဗုတ်​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​၍ သူ​သေ​ပါ​ပြီ​”​ဟု သတင်းပို့​၏​။ ထိုသို့ နာဗုတ်​သည် ကျောက်ခဲ​နှင့်​ပေါက်သတ်​ခံရ​၍ သေ​ပြီ​ဖြစ်ကြောင်း​ကို ယေဇဗေလ​ကြားသိ​လျှင် အာဟပ်​မင်းကြီး​အား “​နာဗုတ်​အသက်​မ​ရှင်​တော့​ပါ​။ သူ​သေ​ပြီ​ဖြစ်၍ သင် ငွေ​ဖြင့်​ဝယ်​မည်​ကို ရောင်းပေး​ရန်​ငြင်းဆန်​ခဲ့​သော ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို ထ​၍​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။ နာဗုတ်​သေ​ပြီ​ဟု အာဟပ်​မင်းကြီး​ကြား​လျှင် ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် ထ​သွား​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား​ဧလိယ​ထံသို့ ရောက်လာ​၍ “​ထ​လော့​။ ရှမာရိ​မြို့​ရှိ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ကို သွား​တွေ့​လော့​။ သူ​သည် နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် သွား​လေ​ပြီ​။ သူ့​အား ထာဝရဘုရား​က ‘​သင်​သည် လူ​ကို​သတ်​သည်​သာမက သူ့​ဥစ္စာ​ကို​ပါ သိမ်းယူ​ပါ​ပြီ​တကား​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​။ ထို့ပြင် သူ့​အား ထာဝရဘုရား​က ‘​နာဗုတ်​၏​သွေး​ကို ခွေး​တို့​လျက်​သော​နေရာ​တွင် သင့်​သွေး​ကို​လည်း လျက်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။