YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်တတိယစောင် 15:16-24

ဓမ္မရာဇဝင်တတိယစောင် 15:16-24 MSBU

အာသ​မင်းကြီး​နှင့် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။ အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် ယုဒ​ပြည်​သို့​ချီလာ​၍ ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ မည်သူ​မျှ​ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​နိုင်​အောင် ရာမ​မြို့​ကို​တည်​၏​။ ထိုအခါ အာသ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​၌ ကျန်ရှိ​သော​ရွှေ​ငွေ​များ​နှင့် ရှင်ဘုရင်​နန်းတော်​ရှိ​ဘဏ္ဍာ​အားလုံး​ကို​ယူ​ပြီး မိမိ​အမှုထမ်း​တို့​လက်​သို့​အပ်​လိုက်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ဒမတ်စကပ်​မြို့​၌​နန်းစံ​သော ဟေဇယုန်​မင်းကြီး​၏​မြေး​တော်​၊ တာဗရိမ္မုန်​မင်းကြီး​၏​သား​တော် ဆီးရီးယား​ဘုရင်​ဗင်္ဟာဒဒ်​မင်းကြီး​ထံသို့ ပေးပို့​လျက် “​သင့်​ခမည်းတော်​နှင့်​အကျွန်ုပ်​၏​ခမည်းတော် ကတိသစ္စာ​ပြု​ခဲ့​သကဲ့သို့ သင်​နှင့်​အကျွန်ုပ်​လည်း ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။ ယခု သင့်​အား ရွှေ​ငွေ​များ​ကို လက်ဆောင်​အဖြစ်​ပေးလိုက်​ပါ​၏​။ အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် အကျွန်ုပ်​ထံမှ တပ်ရုပ်​သွား​ရန် သူ​နှင့်​ပြု​သော​ကတိသစ္စာ​ကို သွား​၍​ဖျက်​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။ ဗင်္ဟာဒဒ်​မင်းကြီး​သည် အာသ​မင်းကြီး​၏​စကား​ကို​လက်ခံ​ပြီး မိမိ​တပ်မှူးကြီး​များ​ကို အစ္စရေး​မြို့​များ​သို့​စေလွှတ်​၍ ဣယုန်​မြို့​၊ ဒန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​မှစ၍ ဂင်နေသရက်​နယ်​တစ်နယ်လုံး​နှင့် နဿလိ​နယ်​တစ်နယ်လုံး​ကို သွားရောက်တိုက်ခိုက်​စေ​၏​။ ထို​သတင်း​ကို ဗာရှာ​မင်းကြီး​ကြား​လျှင် ရာမ​မြို့​ကို မတည်ဆောက်​တော့​ဘဲ တိရဇာ​မြို့​တွင် စံနေ​လေ​၏​။ အာသ​မင်းကြီး​သည်​လည်း ရာမ​မြို့​ကို ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​များ​၊ သစ်သား​များ​ကို ပြည်သူပြည်သား​တစ်ယောက်မကျန် သယ်ဆောင်​ရ​မည်​ဟု ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အမိန့်ထုတ်ပြန်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ထို​ပစ္စည်း​များ​ဖြင့် ဗင်္ယာမိန်​နယ်​တွင် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။ ကျန်ရှိ​နေ​သော အာသ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ တည်ဆောက်​ခဲ့​သော​မြို့​များ​အကြောင်း စသည်​တို့​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ သူ​သည် အိုမင်း​ချိန်​ရောက်​သောအခါ ခြေထောက်​တွင် အနာ​ဖြစ်​၏​။ နောက်ဆုံး​တွင် အာသ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ အဘီ​တော်​ဒါဝိဒ်​မြို့​တွင် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ သင်္ဂြိုဟ်​ကြ​လေ​၏​။ သူ​၏​သား​တော် ယောရှဖတ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။