YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 2:6-16

ကောရိန္သုဩဝါဒစာပထမစောင် 2:6-16 MSBU

သို့ရာတွင် ငါ​တို့​သည် စုံလင်​ရင့်ကျက်​သော​သူ​တို့​အထဲ၌ ဉာဏ်ပညာ​စကား​ကို​ပြောဆို​ကြ​၏။ ထိုသို့ဆိုသော် ၎င်း​သည် ဤ​လောက​၏​ဉာဏ်ပညာ​မ​ဟုတ်။ ပယ်ဖျက်​ခြင်း​ခံရ​တော့​မည့် ဤ​လောက​ကို​အုပ်ချုပ်​သူ​တို့​၏​ဉာဏ်ပညာ​လည်း​မ​ဟုတ်။ ငါ​တို့​ပြောဆို​သော​အရာ​မှာ ဝှက်​ထား​ခြင်း​ခံရ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​တည်းဟူသော ဘုရားသခင်​၏​ဉာဏ်ပညာ​ပင်​ဖြစ်​၏။ ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ထို​ဉာဏ်ပညာ​ကို ငါ​တို့​၏​ဘုန်း​အသရေ​အတွက် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤ​လောက​ကို​အုပ်ချုပ်​သူ​များ​တွင် မည်သူ​က​မျှ ထို​ဉာဏ်ပညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူကား ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော​သခင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။ သို့သော် ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ “ဘုရားသခင်​သည် မိမိ​ကို​ချစ်​သော​သူ​တို့​အတွက် မျက်စိ​ဖြင့် မ​မြင်​ဖူး​သော​အရာ၊ နား​ဖြင့် မ​ကြား​ဖူး​သော​အရာ၊ လူ​၏​စိတ်နှလုံး​၌ မ​တွေး​မိ​ဖူး​သော​အရာ​တို့​ကို ပြင်ဆင်​ထား​တော်မူ​၏။” သို့သော် ဘုရားသခင်​သည် ထို​အရာ​တို့​ကို ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​အား​ဖော်ပြ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​နက်နဲ​သော​အရာ​များ​မှစ၍ ခပ်သိမ်း​သော​အရာ​တို့​ကို စူးစမ်း​တော်မူ​၏။ လူ​နှင့်ဆိုင်သော​အရာ​တို့​ကို သူ့​အထဲ၌​ရှိ​သော သူ​၏​ဝိညာဉ်​မှတစ်ပါး မည်သူ​သိ​သနည်း။ ထို့အတူ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​တို့​ကို​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​မှတစ်ပါး မည်သူမျှ​မ​သိ။ ငါ​တို့​သည် လောကီ​ဝိညာဉ်​ကို ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​အား ဘုရားသခင်​ပေး​သနား​တော်မူ​သော​အရာ​တို့​ကို သိ​ရှိ​နိုင်​ရန် ဘုရားသခင်​ထံမှ​လာ​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ဘုရားသခင်​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ငါ​တို့​ဟောပြော​သောအခါ လူ့​ဉာဏ်ပညာ​က သင်ကြား​ပေး​သော​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​က သင်ကြား​ပေး​သော​စကား​အားဖြင့် ဟောပြော​၍ ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​တို့​ကို ဝိညာဉ်​သဘော​အားဖြင့် နှိုင်းယှဉ်​သုံးသပ်​ကြ​၏။ ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။ ဝိညာဉ်​သဘော​ရှိ​သော​သူ​မူကား ခပ်သိမ်း​သော​အရာ​တို့​ကို ပိုင်းခြား​၍​သိ​တတ်​၏။ သို့သော် ထို​သူ​ကို မည်သူ​က​မျှ ပိုင်းခြား​၍​မ​သိ​နိုင်။ အကြောင်းမူကား မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​၍ သူ့​ကို​သွန်သင်​လိမ့်​မည်နည်း။ ငါ​တို့​၌​မူကား ခရစ်တော်​၏​စိတ်​ရှိ​၏။