YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 28:9-20

ရာဇဝင်ချုပ်ပထမစောင် 28:9-20 MSBU

ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။ ယခု သတိပြု​လော့​။ သန့်ရှင်းရာဌာန​ဖြစ်​သော အိမ်​တော်​ကို တည်ဆောက်​ရန် သင့်​ကို​ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​။ အားယူ​၍​ဆောက်လုပ်​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သား​တော်​ရှောလမုန်​အား ဆင်ဝင်​အပါအဝင် အိမ်​တော်​အဆောက်အအုံ​၊ ဘဏ္ဍာတိုက်​များ​၊ အထက်ခန်း​များ​၊ အတွင်းခန်း​များ​၊ ကရုဏာ​တော်​ပလ္လင်​အခန်း စသည်​တို့​၏​ပုံစံ​များ​ကို ပေးအပ်​၏​။ ထို့ပြင် ဒါဝိဒ်​မင်းကြီး​၏​စိတ်​ထဲတွင်​ပေါ်လာ​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အပါအဝင် ပတ်လည်​အခန်း​များ​အားလုံး​၊ ဘုရားသခင်​အိမ်​တော်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​သိုလှောင်ရုံ စသည်​တို့​၏​ပုံစံ​များ​ကို​ပါ ပေးအပ်​လေ​၏​။ ယဇ်ပုရောဟိတ်​အဖွဲ့​၊ လေဝိ​လူမျိုး​အဖွဲ့​နှင့် ထာဝရဘုရား​၏​အိမ်​တော်​တွင်​ထမ်းဆောင်​ရ​မည့်​အမှု​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​အမှု​တော်​ထမ်းဆောင်​ရာ​တွင်​အသုံးပြု​သော အသုံးအဆောင်​များ​အားလုံး​၊ အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ရွှေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ရွှေ​အလေးချိန်​အလိုက်​၊ အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ငွေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ငွေ​အလေးချိန်​အလိုက်​၊ ရွှေ​ဆီမီးခုံ​များ​နှင့်​ရွှေ​မီးခွက်​များ​အတွက် ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဆီမီးခုံ​များ​အတွက်​လည်း ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊ ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​များ​အတွက် စားပွဲ​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​စားပွဲ​များ​အတွက် စားပွဲ​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊ ခက်ရင်းခွ​များ​၊ ဇလုံ​များ​၊ ကရား​များ​အတွက် ရွှေ​စင်​များ​၊ ရွှေ​ဖလား​များ​အတွက် ရွှေ​ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဖလား​များ​အတွက် ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အတွက် ရွှေ​စင်​အလေးချိန်​အလိုက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို အုပ်မိုး​ထား​သော​၊ အတောင်ပံ​ဖြန့်​ထား​သော ခေရုဗိမ်​ရထား​ပုံစံ​အတွက်​ရွှေ​အလေးချိန်​အလိုက် ပေးအပ်​ပြီးလျှင် “ဤ​ပုံစံ​အားလုံး​ကို ထာဝရဘုရား ရေးဆွဲ​ထား​ပြီး လုပ်ဆောင်​ရ​မည့်​ပုံစံ​အသေးစိတ်​ကို ငါ့​အား သိနားလည်​စေ​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​က သား​တော်​ရှောလမုန်​အား “​အားယူ​၍​ရဲရင့်​စွာ လုပ်ဆောင်​လော့​။ မ​ကြောက်​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။ ငါ​ကိုးကွယ်​သော​ဘုရားသခင်​၊ ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​အိမ်​တော် ဆောက်လုပ်​ခြင်း​အမှု​အလုံးစုံ​ကို ပြီးစီး​သည့်​တိုင်အောင် သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။