ကမ္ဘာဦးကျမ်း 8

8
ရေဆုတ်သွားခြင်း
1ဘုရားသခင်​သည် နောဧ​မှစ၍ သူ​နှင့်အတူ​သင်္ဘော​ထဲ၌​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် မြေကြီး​ပေါ်မှာ​လေ​တိုက်​စေ​တော်မူ​သဖြင့် ရေ​သည် လျော့ကျ​သွား​လေ​၏​။ 2နက်ရှိုင်း​ရာ​အရပ်​မှ​ရေထွက်ပေါက်​များ​နှင့် မိုးကောင်းကင်​ရေတံခါး​များ​ကို​ပိတ်​၍ ကောင်းကင်​မှ​မိုး​ကို​လည်း စဲ​စေ​တော်မူ​၏​။ 3ရေ​သည် မြေကြီး​ပေါ်မှာ ဆက်တိုက်​လျော့သွား​၍ ရက်​ပေါင်း​တစ်ရာ့​ငါးဆယ်​ပြည့်​သောအခါ ရေ​ယုတ်လျော့​သွား​၏​။ 4သတ္တမ​လ​၊ တစ်ဆယ့်​ခုနစ်​ရက်​နေ့​တွင် သင်္ဘော​သည် အာရရတ်​တောင်ရိုး​ပေါ်မှာ တင်​လေ​၏​။
5ရေ​သည် ဒသမ​လ​တိုင်အောင် ဆက်တိုက်​ယုတ်လျော့​သွား​၍ ဒသမ​လ​၊ တစ်ရက်နေ့​တွင် တောင်​ထိပ်​များ​ပေါ်လာ​၏​။ 6ရက်​ပေါင်း​လေးဆယ်​ပြည့်​သောအခါ နောဧ​သည် မိမိ​တည်ဆောက်​ခဲ့​သော​သင်္ဘော​၏​ပြတင်းပေါက်​ကို​ဖွင့်​၍ 7ကျီးကန်း​တစ်​ကောင်​ကို လွှတ်​လေ​၏​။ ထို​ကျီးကန်း​သည် မြေ​ပေါ်မှာ ရေ​မ​ခန်းခြောက်​မ​ချင်း လူးလာပျံသန်း​လျက်​နေ​၏​။ 8တစ်ဖန် မြေပြင်​ပေါ်မှာ ရေ​လျော့ကျ​သည်​၊ မကျ​သည်​ကို​သိမြင်​ရန် ချိုးငှက်​တစ်​ကောင်​ကို​လွှတ်​လေ​၏​။ 9သို့သော် မြေ​တစ်ပြင်လုံး​၌ ရေ​ရှိ​သေး​သောကြောင့် ချိုးငှက်​သည် ခြေချ​နားနေစရာ​မ​တွေ့​သဖြင့် နောဧ​ရှိ​ရာ​သင်္ဘော​သို့ ပြန်လာ​လေ​၏​။ နောဧ​သည်​လည်း လက်​ကို​ဆန့်​၍ ချိုးငှက်​ကို​ဖမ်းယူ​ပြီးလျှင် မိမိ​ရှိ​ရာ​သင်္ဘော​ထဲသို့​သွင်း​လေ​၏​။ 10တစ်ဖန် နောက်ထပ်​ခုနစ်​ရက်​စောင့်​ပြီးမှ ထို​ချိုးငှက်​ကို သင်္ဘော​မှ​လွှတ်​ပြန်​လေ​၏​။ 11နေဝင်​ချိန်​၌ ချိုးငှက်​သည် နောဧ​ထံသို့​ပြန်လာ​၏​။ သူ​၏​နှုတ်သီး​၌ လောလောလတ်လတ်​ဆိတ်​ယူလာ​သော သံလွင်​ရွက်​ပါလာ​၏​။ ထိုအခါ နောဧ​သည် မြေကြီး​ပေါ်မှာ ရေ​လျော့ကျ​သွား​ပြီ​ဖြစ်ကြောင်း​သိ​လေ​၏​။ 12တစ်ဖန် နောက်ထပ်​ခုနစ်​ရက်​စောင့်​ပြီးမှ ထို​ချိုးငှက်​ကို​လွှတ်​ပြန်​ရာ သူ့​ထံသို့​ပြန်​မ​လာ​တော့​ပေ​။ 13နောဧ​အသက်​ခြောက်​ရာ့​တစ်​နှစ်​ပြည့်​သော​နှစ်​၊ ပထမ​လ​၊ တစ်ရက်နေ့​တွင် မြေကြီး​ပေါ်မှာ ရေ​ခန်းခြောက်​လေ​၏​။ နောဧ​သည် သင်္ဘော​အမိုး​ကို​ဖယ်ရှား​၍ ကြည့်ရှု​သောအခါ မြေပြင်​သည် ခြောက်​လျက်​ရှိ​သည်​ကို မြင်​လေ​၏​။ 14ဒုတိယ​လ​၊ နှစ်ဆယ့်​ခုနစ်​ရက်​နေ့​တွင် မြေကြီး​သည် ခြောက်သွေ့​လေ​၏​။
ဘုရားသခင်၏ကတိတော်
15ထိုအခါ ဘုရားသခင်​က နောဧ​အား
16“​သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲမှ ထွက်လာ​လော့​။ 17သင့်​ထံ၌​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​၊ သားယဉ်​သားရဲ​အပေါင်း​တည်းဟူသော ငှက်​၊ တိရစ္ဆာန်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည် မြေကြီး​ပေါ်မှာ များပြား​ကြ​စေရန်​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ​မွေးဖွား​တိုးပွား​ကြ​စေရန်​လည်းကောင်း သူ​တို့​ကို သင်​နှင့်အတူ​ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။
18သို့ဖြစ်၍ နောဧ​သည် သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ ထွက်လာ​၏​။ 19တောရိုင်းတိရစ္ဆာန်​ရှိသမျှ​၊ တွားသွားသောတိရစ္ဆာန်​ရှိသမျှ​၊ ငှက်​ရှိသမျှ​နှင့် မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော သတ္တဝါ​ရှိသမျှ​တို့​သည်​လည်း အမျိုး​အလိုက် သင်္ဘော​ထဲမှ​ထွက်လာ​ကြ​၏​။
20နောဧ​သည် ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို​တည်​ပြီးလျှင် စင်ကြယ်​သော​တိရစ္ဆာန်​အပေါင်း​တို့​နှင့် စင်ကြယ်​သော​ငှက်​အပေါင်း​တို့​ထဲက​ယူ​၍ ထို​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​ကို​ပူဇော်​ရာ 21ထာဝရဘုရား​သည် မွှေးကြိုင်​သော​ရနံ့​ကို​ခံယူ​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က “​လူ​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​သည် ငယ်ရွယ်စဉ်​ကတည်းက ဆိုးညစ်​သော်လည်း ငါ​သည် လူ​တို့​ကြောင့် မြေကြီး​ကို နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ကျိန်​တော့​မည်​မ​ဟုတ်​။ ငါ​သည် သက်ရှိသတ္တဝါ​အပေါင်း​တို့​ကို ယခု​ပြု​သကဲ့သို့ နောက်တစ်ဖန် မည်သည့်​အခါ​မျှ​ဒဏ်ခတ်​တော့​မည်​မ​ဟုတ်​။ 22မြေကြီး​တည်နေသရွေ့ မျိုးကြဲ​ချိန်​နှင့်​ရိတ်သိမ်း​ချိန်​၊ ပူ​သော​အချိန်​နှင့်​အေး​သော​အချိန်​၊ နွေရာသီ​နှင့်​ဆောင်းရာသီ​၊ နေ့အချိန်​နှင့်​ညအချိန်​တို့​သည် မပြတ်မစဲ​ရှိ​နေ​မည်​”​ဟု စိတ်​တော်​ထဲ၌ မြွက်ဆို​တော်မူ​၏​။

اکنون انتخاب شده:

ကမ္ဘာဦးကျမ်း 8: MSBU

های‌لایت

به اشتراک گذاشتن

کپی

None

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید