ရှင်လုကာ 1
1
1ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သော သက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူတို့သည်၊- 2ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည် ဖြစ်၍၊- 3ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊- 4စေ့စေ့ဖွေရှာ လိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသော အကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သောသော်ဖိလု။
ဗတ္တိဇံဆရာယောဟန်ဖွားမြင်မည့်အကြောင်း
5ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းအဝင် ဖြစ်၍၊ ဇာခရိအမည်ရှိသော ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ်၏။ သူ့အမည်ကား ဧလိရှဗက်တည်း။-#၅ရာ၊ ၂၄:၁၀။ 6ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီ ရှိကြ၏။- 7ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
8ဇာခရိသည် မိမိအသင်းနှင့် တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊- 9ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။- 10ထိုသို့နံ့သာပေါင်းကို မီးရှို့သည်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ၏။- 11ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ယာဘက်၌ ရပ်နေသည်ကို၊- 12ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။- 13ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။- 14သင်သည် ဝမ်းသာရွှင်မြူးခြင်း ရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။- 15အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။-#တော၊ ၆:၃။ 16ဣသရေလအမျိုးသား အများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲစေလိမ့်မည်။- 17အဘတို့နှင့် သားတို့ကို အသင့်အတင့် ဖြစ်စေခြင်းငှာလည်းကောင်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဖို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှာလည်းကောင်း၊ သူသည်ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန် ပြောဆို၏။-#မာလ၊ ၄:၅-၆။
18ဇာခရိကလည်း၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် လူအိုဖြစ်ပါ၏။ အကျွန်ုပ်မယားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင်၊- 19ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။-#ဒံ၊ ၈:၁၆၊ ၉:၂၁။ 20သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာ မဖြစ်မီနေ့တိုင်အောင် စကားမပြောနိုင်ဘဲ၊ အလျက်နေလိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို၏။
21လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကို အံ့ဩခြင်းရှိကြ၏။- 22သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည် ဖြစ်၍၊ ဗိမာန်တော်၌ ဗျာဒိတ်ရူပါရုံကို မြင်ပြီဟု ရိပ်မိကြ၏။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး၍ စကားအလျက် နေ၏။- 23ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလ ကုန်သောအခါ၊ ဇာခရိသည် မိမိအိမ်သို့ သွားလေ၏။- 24ထိုနောက် သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊- 25ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှာ ငါ့ကို ကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။
ယေရှုဖွားမြင်မည့်အကြောင်း
26ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊- 27မယှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေလွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။-#မ၊ ၁:၁၈။ 28ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။- 29မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံး မငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။- 30ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။- 31သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။-#မ၊ ၁:၂၁။ 32ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။-#၄ရာ၊ ၇:၁၂၊ ၁၃၊ ၁၆၊ ဟေရှာ၊ ၉:၇။ 33ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။
34မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။- 35ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ 36ထိုမှတစ်ပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။- 37ဘုရားသခင် တတ်နိုင်တော်မမူသောအမှု မရှိဟု ပြောဆိုလျှင်၊-#က၊ ၁၈:၁၄။ 38မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
ဧလိရှဗက်ထံသို့မာရိသွားခြင်း
39ထိုအခါ မာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန် သွားပြီးလျှင်၊- 40ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။- 41ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- 42သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။- 43အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။- 44သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့် ခုန်၏။- 45ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
မာရိ၏ချီးမွမ်းသီချင်း
46မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။-#၁ရာ၊ ၂:၁-၁၀။ 47ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။- 48အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။-#၁ရာ၊ ၁:၁၁။ 49တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား၏ နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။- 50ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။- 51လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။- 52ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။-#ယောဘ၊ ၅:၁၁၊ ၁၂:၁၉။ 53ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ်လိုက်တော်မူပြီ။- 54ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီ၊- 55အာဗြဟံမှစသော သူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှာ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟု ဆို၏။-#က၊ ၁၇:၇။ 56မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
ဗတ္တိဇံဆရာယောဟန်မွေးဖွားခြင်း
57ဧလိရှဗက်သည် ဖွားအံ့သောနေ့လ စေ့သောအခါ သားယောက်ျားကို ဖွားမြင်၏။- 58ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အား ပြုတော်မူသည်ကို၊ အိမ်နီးချင်း အဆွေအမျိုးတို့သည် ကြားလတ်သော်၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။- 59ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှာ လာကြ၍၊ အဘ၏အမည်ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက၊ ထိုသို့မမှည့်ရ။-#ဝတ်၊ ၁၂:၃။ 60ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင်၊ သူတို့က၊- 61ယောဟန်အမည်ဖြင့် သင်၏အဆွေအမျိုးတွင် တစ်ယောက်ကိုမျှ မမှည့်ဟုဆို၍၊- 62အဘသည် အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့် မေးကြ၏။- 63အဘသည်လည်း သင်ပုန်းကိုတောင်း၍၊ သူ၏အမည်ကား ယောဟန်ဖြစ်၏ဟု ရေးလေသော်၊ ထိုသူအပေါင်းတို့သည် အံ့ဩခြင်းရှိကြ၏။- 64ထိုခဏချင်းတွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာလွတ်ခြင်းရှိသည်ဖြစ်၍၊ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။- 65အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြားအရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။- 66ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူ ဖြစ်လိမ့်မည်နည်းဟု ဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။
ဇာခရိ၏ဟောချက်
67သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊- 68-75ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်းကတိတော်တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်လည်းကောင်း၊ မိမိလူမျိုးကို အကြည့်အရှု ကြွလာလျက် ရွေးနုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှလည်းကောင်း၊ မုန်းသောသူရှိသမျှတို့ လက်မှလည်းကောင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။
76အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။-#မာလ၊ ၃:၁။ 77အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဖော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှာ သင်သည် ရှေ့တော်၌သွားရလိမ့်မည်။- 78ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊- 79မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။-#ဟေရှာ၊ ၉:၂။ 80ထိုသူငယ်သည်ကား၊ ကြီးပွား၍ ဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဣသရေလလူတို့အား မထင်ရှားမီတိုင်အောင် တောအရပ်၌ နေလေ၏။
Tans Gekies:
ရှင်လုကာ 1: JBMLE
Kleurmerk
Deel
Kopieer

Wil jy jou kleurmerke oor al jou toestelle gestoor hê? Teken in of teken aan
Judson Bible Revision © Bible Society of Myanmar, 2021.